(နိုင်ငံတကာ) သြဂုတ် ၁၃

စတုတ္ထအကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေးကို ဩဂုတ် လ ၁၁ ရက်တွင် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီး ဟန်ကျွင့်၊ တောင်ကိုရီးယားနိုင်ငံ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီး Song Mi-ryung၊ ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး Koizumi Shinjiro နှင့် တရုတ်-ဂျပန်-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု အတွင်းရေးမှူးရုံး အတွင်းရေးမှူးချုပ် Lee Heesup တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
တရုတ်-ဂျပန်-တောင်ကိုရီးယား စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေးသည် ၇ နှစ်ကြာပြီးမှ ပြန်လည် ကျင်းပခြင်းဖြစ်ပြီး ယခင်အစည်းအဝေးအား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပ ခဲ့ခြင်းဖြစ်သည်။
ယခုအကြိမ်အစည်းအဝေးတွင် သုံးနိုင်ငံမှ စိုက်ပျိုးရေးဝန်ကြီးများက စားနပ်ရိက္ခာဖူလုံရေး၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ စဉ်ဆက်မပြတ် စိုက်ပျိုးရေး လုပ်ငန်း၊ ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေး၊ ကမ္ဘာလုံးဆိုင်ရာ အရေးကြီးစိုက်ပျိုးရေး ယဉ်ကျေးမှုအမွေအနှစ် ပူးပေါင်းဆောင်ရွက်မှု၊ ကမ္ဘာလုံး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသည့် အဓိကဆွေးနွေးမှုအကြောင်းအရာ ၆ ရပ်နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး အနာဂတ်ပူးပေါင်းဆောင်ရွက်မှု ဦးတည်ချက်နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ရာသီဥတု အကျပ်အတည်း၊ နယ်စပ်ဖြတ်ကျော် ကူးစက်ရောဂါပျံ့နှံ့မှု၊ ထောက်ပံ့မှုကွင်းဆက် မတည်ငြိမ်မှု စသည့် စိုက်ပျိုးရေးကဏ္ဍ၏ ပေါင်းစပ်စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် သုံးနိုင်ငံက သတင်းအချက်အလက် မျှဝေမှုနှင့် အတူတကွရင်ဆိုင်မှု၏ အရေးကြီးမှုနှင့်စပ်လျဉ်း၍ သဘောတူညီချက်ရရှိခဲ့ပြီး စမတ်စိုက်ပျိုးရေး၊ အစိမ်းရောင်ကာဗွန်နည်း စိုက်ပျိုးရေးလုပ်ငန်း၊ လူငယ်စိုက်ပျိုးရေး လူရည်ချွန်ပျိုးထောင်ရေး စသည်တို့နှင့် ပတ်သက်ပြီး အပြန်အလှန်ဖြည့်ဆည်းပေးနိုင်သော ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့လုပ်ဆောင်ရန် သဘောတူ ခဲ့သည်။
ဟန်ကျွင့် က လက်ရှိတွင် နိုင်ငံတကာဆက်ဆံရေး ရှုပ်ထွေး၍ အပြောင်းအလဲများကာ တစ်ဖက်သတ် ဝါဒနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒများ ဦးမော့လာကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုများ ဆိုးရွားလာပြီး တရုတ်-ဂျပန်-တောင်ကိုရီးယား စိုက်ပျိုးရေးလုပ်ငန်းနှင့် ကျေးလက်တောရွာ ဖွံ့ဖြိုးတိုးတက်မှုသည် ဘုံစိန်ခေါ်မှု များနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့နှင့်အတူ ပွင့်လင်းစွာတွေ့ဆုံဆွေးနွေးပြီး သဘော တူညီချက်များစုစည်းကာ တစ်ပြေးညီလှုပ်ရှားမှုများ လုပ်ဆောင်ခြင်း ဖြင့် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုအား ဘက်စုံပြန်လည်စတင်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း၊ ကြံ့ကြံ့ခံနိုင်မှုစွမ်းရည် ပိုမိုအားကောင်းသော၊ ကဏ္ဍ ပိုမိုကျယ် ပြန့်သော၊ ဆက်သွယ်မှု ပိုမိုရင်းနှီးသော၊ အနှစ်သာရ ပိုမိုပြည့်ဝသော တရုတ်-ဂျပန်-တောင်ကိုရီးယား စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းအသစ်ကို ကြိုးပမ်း တည်ဆောက်၍ ဒေသတွင်းစိုက်ပျိုးရေး လုပ်ငန်းနှင့် ကျေးလက် တိုးတက်စည်ပင်ဝပြောမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြုသဘောဆောင်စွာ အတူတကွ အကျိုးထမ်း ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုအကြိမ်အစည်းအဝေးကို အခါအခွင့်အဖြစ် အသုံးပြု၍ သုံးနိုင်ငံအနေဖြင့် ဒေသတွင်း စိုက်ပျိုးရေး လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်သို့ဝင်ရောက်ရန် အတူတကွ ကြိုးပမ်းတွန်းအားပေးကာ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းအသစ်အား လက်တွဲတည်ဆောက်သွားရန် မျှော်လင့်ကြောင်း ဟန်ကျွင့် က ပြောကြားခဲ့သည်။
အစည်းအဝေးပြီးနောက် သုံးနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးများက ပူးတွဲကြေညာချက်အား လက်မှတ်ရေးထိုး ခဲ့ပြီး အစည်းအဝေးအား အချိန်မှန်၊ စနစ်တကျကျင်းပရန်အတွက် သဘောတူညီခဲ့ကြသည်။
နောက်တစ်ကြိမ် တရုတ်-ဂျပန်-တောင်ကိုရီးယား စိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေးကို ဂျပန်နိုင်ငံ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
#PAN