ယာယီသမ္မတ ဦးမြင့်ဆွေကွယ်လွန်ခြင်းအတွက် ပြည်ခိုင်ဖြိုးပါတီက ဝမ်းနည်းကြောင်းထုတ်ပြန်

(ပြည်တွင်း) ဩဂုတ် ၇

“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေ သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၇)ရက်နေ့ နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)၌ ကွယ်လွန်သွားသည့် အတွက် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါကြောင်း ဖော်ပြအပ်ပါသည်” ဟု ပြည်ခိုင်ဖြိုးပါတီက ဩဂုတ် ၇ ရက်နေ့ရက်စွဲနဲ့ ဝမ်းနည်းကြောင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေကွယ်လွန်ကြောင်းထုတ်ပြန်ပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတို့က ဝမ်းနည်းကြောင်းမှတ်တမ်းတင်ထုတ်ပြန်ပြီးနောက် နိုင်ငံရေးပါတီတွေထဲမှာ ပထမဦးဆုံးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေ ဟာ တပ်မတော်က အနားယူပြီးနောက် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တာဖြစ်ပါတယ်။

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ ပြီးနောက် ပြည်ခိုင်ဖြိုးပါတီအစိုးရအဖြစ် သမ္မတ ဦးသိန်းစိန် အားရွေးချယ်တင်မြှောက်ပြီးနောက် သမ္မတ ဦးသိန်းစိန်က ဦးမြင့်ဆွေအား ရန်ကုန်တိုင်းဒေသကြီးရဲ့ ဝန်ကြီးချုပ်အဖြစ်ခန့်အပ်တာဝန်ပေးအပ်ခံခဲ့ရတာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် မတ်လ ၁၁ ရက်နေ့ကပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်တွေက ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြု တင်မြှောက်ခဲ့ပြီး ၂၀၁၆ မတ်လ ၁၅ ရက်နေ့ကမဲခွဲဆုံးဖြတ်အရ ၂၁၃ မဲနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ဒုတိယသမ္မတ (၁) ဖြစ်လာခဲ့လည်းဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာ  ဦးထင်ကျော်က သမ္မတအဖြစ်က နုတ်ထွက်ခဲ့တာကြောင့် အခြေခံဥပဒေအရ ဦးမြင့်ဆွေဟာ ယာယီသမ္မတအဖြစ် ကျမ်းကျိန်ဆိုကာ လွှတ်တော်က သမ္မတအသစ် ရွေးချယ်တင်မြှောက်သည်အထိ ဆောင်ရွက်ခဲ့သလို ၂၀၂၀ မဲလိမ်မဲခိုးမှုတွေကို NLD သမ္မတနဲ့နိုင်ငံတော်အတိုင်ပင်ခံတို့က မဖြေရှင်းပဲ အစိုးရဖွဲ့ဖို့အတင်အကြပ်ကြံစည်တာကြောင့် တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ယာယီသမ္မတ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

Video – Aung Paing Min

#PAN