အမေရိကန်၏သွင်းကုန်ခွန်စည်းကြပ်မှုကို ကမ္ဘာ့နိုင်ငံတိုင်း လက်မခံသင့်သည့် တစ်ဖက်သတ် လုပ်ရပ်ဟု တရုတ်ပြော

(နိုင်ငံတကာ) ဇူလိုင် ၁၂

ကမ္ဘာ့နိုင်ငံများ၏ ထုတ်ကုန်များအပေါ် အမေရိကန် အစိုးရက သွင်းကုန်ခွန်စည်းကြပ်မှုများ မြှင့်တင်ထားခြင်းသည် ကမ္ဘာ့နိုင်ငံတိုင်း လက်မခံသင့်သည့် တစ်ဖက်သတ် လုပ်ရပ်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ပြောကြားထားသည်။

အမေရိကန်အစိုးရ၏ ကုန်သွယ်ရေးမူဝါဒများကြောင့် တရုတ်နှင့် အမေရိကန်နိုင်ငံတို့ကြား ဆက်ဆံရေး တင်းမာမှုများရှိနေချိန်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ကွာလာလမ်ပူမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို သည် ဇူလိုင်လ ၁၁ တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို သည် အရှေ့အာရှထိပ်သီးညီလာခံနှင့် အာဆီယံဒေသတွင်း ညီလာခံများ တက်ရောက်ရန် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ရောက်ရှိနေစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် ကွာလာလမ်ပူဆွေးနွေးပွဲများတွင် အမေရိကန်အစိုးရ၏ ကုန်သွယ်ရေးမူဝါဒများကို ပြင်းပြင်းထန်ထန်ဝေဖန်ထားသည်။

အဆိုပါဆွေးနွေးပွဲသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့၏ ပထမဆုံး လူချင်းတွေ့ဆုံဆွေးနွေးပွဲဖြစ်ကြောင်း သိရသည်။

#PAN