(နိုင်ငံတကာ) ဇူလိုင် ၁၂
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ တို့အနေဖြင့် လက်ရှိပေါ်ပေါက်နေသည့် နယ်စပ်ပြဿနာများကို ဖြေရှင်းရာတွင် ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ဖြေရှင်းကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ဇူလိုင်လ ၁၀ ရက် တွင် တိုက်တွန်းခဲ့သည်။

ယင်းအပြင် ကမ္ဘောဒီးယားနှင့် ထိုင်းတို့၏ နှစ်နိုင်ငံနယ်စပ်ပြဿနာများကို ဖြေရှင်းရာတွင် တရုတ်နိုင်ငံ အနေဖြင့် သမာသမတ်ကျသောရပ်တည်ချက်ဖြင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ပေးနိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ကမ်းလှမ်းခဲ့သည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် နှင့်တွေ့ဆုံဆွေးနွေးစဉ် နယ်စပ် ပြဿနာများကို ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ သဟဇာတရှိစွာဖြင့် ယှဉ်တွဲရပ်တည်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် သမာသမတ်ကျသည့် အပြုသဘောဆောင်သည့်အခန်းကဏ္ဍ၌ ပါဝင်ပေးရန်ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သည် ယခုနှစ်မေလအတွင်း ဖြစ်ပွားခဲ့သည့် နယ်စပ်ပစ်ခတ်တိုက်ခိုက်မှုများကို အကြောင်းပြု၍ ဆက်ဆံရေးတင်းမာလျက်ရှိသည်။
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သည် နယ်စပ်ချင်း အရှည်ကီလို မီတာ ၈၂၀ ထိ ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း သိရသည်။
#PAN