အမေရိကန်နှင့် ဆွေးနွေးပွဲပြန်လည်စတင်ရန် သဘောတူညီထားခြင်းမရှိသေးဟု အီရန်ပြော


(နိုင်ငံတကာ) ဇွန်လ ၂၈

အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှုများပြန်လည်စတင်ရန် အစီအစဉ် သို့မဟုတ် ကတိကဝတ်များ ပြုလုပ် ထားခြင်းမရှိသေးကြောင်း ဇွန်လ ၂၆ ရက်တွင် အီရန်နိုင်ငံခြားရေး ဝန်ကြီး အာဘတ်စ်အာရဂ်ချီ က ပြောသည်။

နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန အိုင်အာအိုင်ဘီနှင့် အင်တာဗျူးတွင် ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန်ဖြစ်နိုင်ခြေကို စဉ်းစားထားသော်လည်း အီရန်နိုင်ငံ၏အမျိုးသား အကျိုးစီးပွားကို ကာကွယ်ထားခြင်း ရှိ၊မရှိအပေါ် မူတည်ကြောင်း၊ နိုင်ငံ၏ အကျိုးစီးပွားပေါ်တွင်မူတည်၍ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ၏အကျိုးစီးပွားအတွက် ညှိနှိုင်းမှု ပြန်လည်လုပ်ဆောင်ရန် လိုအပ်လာပါက စေ့စပ်ညှိနှိုင်းမှု ပြန်လည်လုပ်ဆောင်ရန် စဉ်းစားသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

သို့သော် ယခုအဆင့်တွင်မူ သဘောတူညီချက် သို့မဟုတ် ကတိကဝတ်များ မရှိသေးသကဲ့သို့ ဆွေးနွေးပွဲ လည်းမရှိသေးဟု ၎င်းက ဆက်လက်ပြောကြားသည်။

အစ္စရေးနှင့် ၁၂ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများ ကြောင့် အပျက်အစီးများပြားကြောင်းနှင့် အီရန်နိုင်ငံ၏အဏုမြူစွမ်းအင်အဖွဲ့အစည်း၏ကျွမ်းကျင်သူများက အသေးစိတ် အကဲဖြတ်မှုများ ပြုလုပ်နေကြောင်း အာရဂ်ချီ က ပြောသည်။

အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အကြီးအကဲဖြစ်သူ ကယ်ရိုလိုင်းလာဗစ် က အမေရိကန်သည် အီရန်နှင့်ဆွေးနွေးရန် အစီအစဉ်မရှိကြောင်း အတည်ပြုပြောကြား ခဲ့သည်။

ယင်းမတိုင်မီ အစောပိုင်းနေ့ကမူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နှစ်ဖက် တွေ့ဆုံဆွေးနွေးပွဲကို လာမည့်သီတင်းပတ်အတွင်း ဖြစ်နိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့ သည်ဟု ဆင်ဟွာ သတင်း ဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN