မန္တလေးမြို့မှ စစ်ကိုင်းမြို့သို့ ဘိန်းဖြူသယ်ဆောင်ရောင်းဝယ်သူများအား ဖမ်းဆီးရမိ


(မှုခင်း) ဇွန်လ ၂၂

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇွန်လ ၁၀ ရက်နေ့ ည ၈ နာရီအချိန်တွင် မန္တလေးမြို့မှ စစ်ကိုင်းမြို့သို့ ဘိန်းဖြူသယ်ဆောင်ရောင်းဝယ်သူများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်အနီး မန္တလေးမြို့ မှ ကလေးသို့ ကျော်စွာလင်း မောင်းနှင်လာသည့် PAJERO မော်တော်ယာဉ်အားသတင်းအရ စစ်ဆေးရာ ယာဉ်ပေါ်ပါ မွေ့ရာ ၂ ခုအတွင်း သိုဝှက်သယ်ဆောင်လာသည့် ပလတ်စတစ်ဆပ်ပြာခွက် ၆၉၃ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူမှုန့်အလေးချိန် ၆ ဒသမ ၉၃ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မူးယစ်ဆေးဝါးများတင်ပေးခဲ့သူ ကျော်ကြီး(ခ)ကျော်မင်းအောင်အား အောင်မြေသာစံမြို့နယ်၊ ၈၈(A)လမ်း၊ ၂၂ x ၂၃ လမ်းကြားရှိ ကားဂိတ်တွင်ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်း၏ဖော်ထုတ်ချက်အရ ဇွန်လ ၁၁ ရက်နေ့နံနက် ၉ နာရီအချိန် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ၆၁ လမ်း၊ ၄၂ x ၄၃ လမ်းကြားရှိ သန်းသန်းမိုး၏ နေအိမ်အားဆက်လက်ရှာဖွေရာ အလားတူမွေ့ရာ ၅ ခုအတွင်း သိုဝှက်ထည့်သွင်းထားသည့် ပလတ်စတစ်ဆပ်ပြာခွက် ၁၉၃၆ ခွက်ဖြင့် ထည့်ထားသော ဘိန်းဖြူမှုန့်အလေးချိန် ၁၇ ဒသမ ၄၂၄ ကီလို ထပ်မံဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ ညနေ ၅ နာရီအချိန်တွင် မူးယစ်ဆေးဝါးများ လာရောက်ပို့ပေးခဲ့သူ မအေးမြင့်(ခ)မလုအား ဆက်လက်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ မန္တလေး မှ ကလေးသို့ ဘိန်းဖြူများတင်ပို့ရောင်းချသူ ဒေါ်တင်ဦး(ခ)ဒေါ်အုန်းအား ဇွန်လ ၁၄ ရက်နေ့ ညနေ ၅ နာရီအချိန် ချမ်းမြသာစည်မြို့နယ်၊ ၆၇ လမ်း၊ ၁၀၅ x ၁၀၆ လမ်းကြားတွင် ဖမ်းဆီးရမိခဲ့ပြီး၊ ဒေါ်တင်ဦး(ခ)ဒေါ်အုန်း၊ ၎င်း၏သားဖြစ်သူ ဟိန်းလတ်နှင့် ဇနီး အေးအေးအောင်(ခ)မပိတို့ ၃ ဦးမှာ အုန်းချောနယ်မြေရဲစခန်း မယ(ပ)၃/၂၀၂၄၊ မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေးများဖြစ်ပြီး ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် မန္တလေး မှ ကလေးသို့ ဘိန်းဖြူသယ်ဆောင် ရောင်းဝယ်သူများအား ငွေကျပ်သိန်း ၉၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၄ ဒသမ ၃၅ ကီလိုကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေး ယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ် များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။

Telegram»…
https://t.me/positiveanglenews

PAN