(မှုခင်း) မေလ ၂၄

မန္တလေးမြို့ပေါ်ရပ်ကွက်များ၌ ဆိုင်ကယ်စီးနင်းသွားလာနေသူများထံမှ ရွှေထည်ပစ္စည်းများအား ဆိုင်ကယ်ဖြင့်လိုက်လံ၍ လုယက်မှုများ မကြာခဏကျူးလွန်ဖြစ်ပွား လာသဖြင့် ကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ အသွင်ယူသတင်းစုံစမ်းခြင်းများဆောင်ရွက်ခဲ့ရာ လုယက်မှုကျူးလွန်သူများဖြစ်သည့် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်နေသူများဖြစ်သည့် မျိုးထွန်းနိုင်(ခ)အရှည်ကြီး၊ ၄၆ နှစ်၊ (ဘ)ဦးသိန်းပိုင်နှင့် ကျော်မျိုးသူ(ခ)အောင်ပု၊ ၄၁ နှစ်၊ (ဘ)ဦးကျော်ထွန်းတို့ ၂ ဦးအား မေလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၅ x ၃၉ လမ်းထောင့်၌ ပြစ်မှုကျူး လွန်ရာတွင်အသုံးပြုသည့် ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဖမ်းဆီးရမိသူ ၂ ဦး၏ ထွက်ဆိုချက်အရ ပါဝင်ပတ်သက်သူများဖြစ်သည့် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်နေ ဒေါ်ထွေးတင်၊ ၅၃ နှစ်၊ (ဘ)ဦးခင်မောင်အား ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ၎င်း၏နေအိမ်၌လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေသူများဖြစ်သည့် ဇေယျာထွန်း(ခ)ဖိုးဆယ်၊ ၂၉ နှစ်၊ (ဘ)ဦးမြင့်ဦးနှင့် အောင်ထွန်းလင်း(ခ)ကျော်ကြီး(ခ)အောင်ထွန်း၊ ၂၉ နှစ်၊ (ဘ)ဦးလှမြင့်တို့ ၂ ဦးအား ည ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အောင်ပင်လယ် ရပ်ကွက်ရှိ 3 COLOUR တည်းခိုခန်း၌ ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုသည့် ဆိုင်ကယ်တစ်စီးဖြင့်လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့၏လထွက်ဆိုချက်များအရ မျိုးထွန်းနိုင်(ခ)အရှည်ကြီးနှင့် ကျော်မျိုးသူ(ခ)အောင်ပု တို့ ၂ ဦးသည် မေလ ၁၁ ရက်က ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ် ရပ်ကွက်၊ ၅၂ x ၅၃ လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီး ၂ ဦးထံမှ ရွှေဆွဲကြိုး ၁ ကုံးကိုလည်းကောင်း၊ မျိုးထွန်းနိုင်(ခ)အရှည်ကြီး၊ ကျော်မျိုးသူ(ခ) အောင်ပု၊ ဇေယျာထွန်း(ခ)ဖိုးဆယ်နှင့် အောင်ထွန်းလင်း(ခ)ကျော်ကြီး(ခ)အောင်ထွန်း တို့ ၄ ဦးသည် ဧပြီလ ၁၁ ရက်နေ့က ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၀၇ x ၁၁၀ လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုး ၁ ကုံးကိုလည်းကောင်း၊ မေလအတွင်း ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ် ရပ်ကွက်၊ ၅၁ x ၅၂ လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီး ၁ ဦးထံမှ ရွှေဆွဲကြိုး ၁ ကုံး နှင့် ၁၀၇ x ၁၀၈ လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီး ၁ ဦးထံမှ ရွှေဆွဲကြိုး ၁ ကုံးကိုလည်းကောင်း၊ မေလ ၁၇ ရက်က ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၂ x ၅၃ လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီး ၂ ဦးနှင့် ကလေး ၁ ဦးထံမှ ဆွဲသီးပါ ရွှေဆွဲကြိုး ၁ ကုံးကိုလည်းကောင်း၊ မေလ ၁၉ ရက်က ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၄) ရပ်ကွက်၊ ၁၁၀ x ၁၁၁ လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီး ၂ ဦးထံမှ ရွှေဆွဲကြိုး ၁ ကုံးကိုလည်းကောင်း၊ ဇေယျာထွန်း(ခ)ဖိုးဆယ်နှင့် အောင်ထွန်းလင်း(ခ)ကျော်ကြီး(ခ) အောင်ထွန်း တို့ ၂ ဦးသည် ဧပြီလအတွင်း ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၄)ရပ်ကွက်၊ ၁၁၀ x ၁၁၁ လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသမီး ၂ ဦးထံမှ ရွှေဆွဲကြိုး ၁ ကုံးကိုလည်းကောင်း၊ မေလအတွင်းက မြို့သစ် (၄)ရပ်ကွက်၊ ၁၀၉ လမ်း၊ ၆၂ x ၆၃ လမ်းကြား၌ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီး ၁ ဦးထံမှ ရွှေဆွဲကြိုး ၁ ကုံးကိုလည်းကောင်း လုယက်ယူဆောင်ခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်များမှ လုယက်မှုကျူးလွန်ရာမှရရှိခဲ့သည့် ရွှေထည်ပစ္စည်းများအား ထွေးတင်မှ “နဝလီ”ရွှေဆိုင်များတွင် သွားရောက်ရောင်းချကာ ခွဲဝေသုံးစွဲခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လုယက်မှုကျူးလွန်သူများဖြစ်သည့် မျိုးထွန်းနိုင်(ခ)အရှည်ကြီး၊ ကျော်မျိုးသူ(ခ)အောင်ပု၊ ဇေယျာထွန်း(ခ)ဖိုးဆယ်၊ အောင်ထွန်းလင်း(ခ)ကျော်ကြီး(ခ)အောင်ထွန်းနှင့် ရွှေထည်ပစ္စည်း များအား ရောင်းချပေးသူ ထွေးတင်တို့အား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ အမှုရေးဖွင့်ဆောင်ရွက်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်များတွင် လုယက်ယူဆောင်သွားခဲ့သည့် သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်း၍ နစ်နာသူပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းနှင့် လုယက်မှုကျူးလွန်ခံရသူများအနေဖြင့်လည်း မိမိတို့၏ပစ္စည်းများနှင့်ပတ်သက်၍ ပြစ်မှုဖြစ်ပွားသည့် ရဲစခန်းများ၌ ဆက်သွယ်စုံစမ်းတောင်းခံနိုင် ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews