(ပြည်တွင်း) မေ ၇

ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းအတွင်းရှိ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နှင်းပုလဲဘူတာနှင့်တောင်စွန်းဘူတာအကြား၊ မိုင်တိုင်အမှတ် ၁၁၂/၁၀-၁၁ ရှိ အရှည်ပေ ၆၀ ရှိသော ရထားတံတား အမှတ် (၆၅)အောက်၌ မေလ ၅ ရက် ည ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ရထားတံတားထိခိုက်ပျက်စီး နေကြောင်းသိရှိရသဖြင့် နှင်းပုလဲနှင့် တောင်စွန်းရထားလမ်းပိုင်းအား ယာယီပိတ်ထားကြောင်း မြန်မာ့မီးရထားမှ သိရှိရသည်။

မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများနှင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ မိုင်းခွဲခံရမှု ကြောင့်တံတား၏ သံပေါင်နှစ်ခုပြုတ်ကျခြင်း၊ ရေလယ်တိုင်တစ်တိုင်နှင့် တံတားဇလီဖားတုံးအချို့ ပျက်စီးခြင်းတို့အပြင် အခင်းဖြစ်ပွားရာနေရာအနီးမပေါက်ကွဲသေးသည့် လက်လုပ်မိုင်း တစ်လုံးနှင့်ဆက်စပ်ပစ္စည်းများအား တံတားပေါ်တွင်ထပ်မံတွေ့ရှိရကြောင်း သိရသည်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန်ပြေးဆွဲနေသော အမှတ်(၈၁) အဆန်/အမှတ်(၈၂)အစုန် လူစီးရထားများအား ယာယီရပ်နားခဲ့ရပြီး လက်မှတ် ဝယ်ယူထား ရှိသည့် ခရီးသည်များအား လက်မှတ်ခများအား ပြန်လည်ပေးအပ်၍ မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့် ရထားလမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးပျက်စီးသွားသည့် တံတားနှင့် သံလမ်းအား အမြန်ဆုံးပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိမြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း(၈၁)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း(၁၇၆)ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီး ခြင်း(၁၆)ကြိမ်ကျူးလွန်ခဲ့ကြကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီးခရီး သွား ပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးနှင့် ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက် အလေးထားစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews