အွန်လိုင်းလိမ်လည်မှု(Telecom Fraud)နှင့် ဒုစရိုက်မှုလုပ် ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် မလေးရှားနိုင်ငံသား ၁၆ ဦးနှင့် အယ်လ်ဂျီးရီးယား နိုင်ငံသား တစ်ဦးတို့အား ထပ်မံပြည်နှင် လွှဲပြောင်းပေးအပ်


(ပြည်တွင်း) ဧပြီ ၃၀

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု(Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံ များသို့ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ လွှဲပြောင်းပေးလျက်ရှိရာ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ် (KK Park)နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများလုပ်ဆောင်ခဲ့ကြသည့် မလေးရှား နိုင်ငံသား ၁၆ ဦးနှင့် အယ်လ်ဂျီးရီးယား နိုင်ငံသားတစ်ဦး စုစုပေါင်း ၁၇ ဦးတို့အား လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ယနေ့တွင် မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင်လွှဲပြောင်းပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့စေရေး အတွက် ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးပြီးလိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကိုကျင်းပရာ ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယား ပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံသံရုံးမှ Counsellor Mr. Zoheir Boudraa နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မလေးရှားသံရုံးမှ Counsellor Ms. Jarin Sajayabinti Abdul Hathi နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဧပြီလ ၂၉ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၀၄၃ ဦးကို စစ်ဆေးဖော် ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ ၇၅၈၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်း ပေးခဲ့ပြီးကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၄၅၈ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့် ရှောက်ထားရှိကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN