(ပြည်တွင်း) ဧပြီ ၂၉

မန္တလေးငလျင်ကြီးကြောင့် ကျောက်ဆည်ခရိုင်မှာ လူနေထိုင်ဖို့မသင့်တဲ့အပြင် အကြီးစားပြုပြင်ဖို့ လိုအပ်ပြီး နေအိမ်အခက်အခဲရှိတဲ့ ဝန်ထမ်းတွေ၊ ပြည်သူတွေအတွက် Modular House တွေကို အငှားစနစ်နဲ့ နေထိုင်ခွင့်ပေးသွားမယ်လို့ ကျောက်ဆည်ခရိုင်အုပ်ချုပ်ရေးတာဝန်ရှိသူများထံကနေ သိရပါတယ်။
ကျောက်ဆည်ခရိုင်အတွင်းမှာ Modular House အလုံး ၅၀ ထားရှိရန် ခန့်မှန်းထားပြီး လက်ရှိမှာတော့ ၁၅ လုံး မှာယူထားတယ်လို့ သိရပါတယ်။
မကြာခင်မှာ မိုးကျတော့မှာဖြစ်တဲ့အတွက် Modular House တွေဟာ မိုးလုံ၊ လေလုံပြီး၊ လုံခြုံစိတ်ချရတာကြောင့် ငလျင်ဘေးသင့်ပြည်သူတွေအတွက် အမှန်တကယ် လိုအပ်တဲ့အရာဖြစ်တာကြောင့် Modular House တွေကို ကျောက်ဆည်မြို့နယ်အတွက် အလုံး ၃၀၊ စဥ့်ကိုင်မြို့နယ်အတွက် ၁၀ လုံးနဲ့ မြစ်သားမြို့နယ် အတွက် ၁၀ လုံး ကနဦး အနေနဲ့လျာထားတယ်လို့ သိရပါတယ်။
Modular House တွေဟာ တရုတ်နိုင်ငံမှ မှာယူခဲ့ရာတွင် တစ်လုံးကို စုစုပေါင်းကုန်ကျစရိတ် ကျပ် ၁၂၅ သိန်း ရှိပြီး လက်ရှိမှာယူထားတဲ့ Modular House တွေကို ကျောက်ဆည်မြို့က မြို့မိမြို့ဖတွေ၊ လုပ်ငန်းရှင်တွေနဲ့ စဥ့်ကိုင်မြို့ရှိ စက်ရုံအလုပ်ရုံလုပ်ငန်းရှင်များက စုပေါင်းလှူဒါန်းထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ ၁၅ လုံးကျသင့်ငွေကိုသာ အလှူခံရရှိထားပြီး လိုအပ်တဲ့ ၃၅ လုံးအတွက် အလှူငွေရရှိနိုင်ဖို့ မြို့မိမြို့ဖတွေပါဝင်တဲ့ အလှူငွေလက်ခံရေး ကော်မတီကို ဖွဲ့စည်းထားကာ ဘဏ်အကောင့်တွေ ဖွင့်လှစ်ပေးထားကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews