(ပြည်တွင်း) ဧပြီ ၂၉

မန္တလေးငလျင်ကြီးဖြစ်ပွားပြီးနောက် လတ်တလောတွင် နေပြည်တော် အိမ်ခြံမြေ ဈေးကွက်အတွင်း အရောင်းအဝယ်ထက် အငှားဈေးကွက် ပိုမိုလှုပ်ရှားလာသလို တိုက်ခန်းတွေထက် မြေကွက်တွေကိုပဲ အရောင်းအဝယ် ပြုလုပ်လာကြတယ်လို့ နေပြည်တော် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူများထံကနေ သိရပါတယ်။
ငလျင်ကြီးကြောင့် အထပ်မြင့်တိုက်ခန်းတွေထက် မြေကွက်ကိုစိတ်ဝင်စားမှု ပိုမိုများပြားလာပြီး မြေကွက်တွေ အရောင်းအဝယ်ပိုဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပြောကြားမှု များလည်း ရှိနေပါတယ်။
လက်ရှိအချိန်မှာ ငလျင်ဒဏ်ကြောင့် နေအိမ်ပြိုကျပျက်စီးသွား သူများအနေနဲ့ နေအိမ်မပြုပြင်နိုင်သေးခြင်း၊ အသစ်ပြန်လည်မဆောက်နိုင်သေးခြင်းနဲ့ မိသားစုများပြားလို့ ယာယီနေထိုင်ရာနေရာတွေမှာ မနေထိုင်လိုတာကြောင့် အိမ်ငှားရမ်းနေထိုင်သူတွေ များပြား လာတယ်လို့ သိရပါတယ်။
အရောင်းအဝယ်ဈေးကွက်အတွင်းမှာ အထပ်မြင့်တိုက်ခန်းတွေထက် မြေကွက်တွေကို စိတ်ဝင်စားမှုပိုများလာပေမယ့် ဈေးမြင့်တက်သွားတာမျိုးမရှိဘဲ အငှားဈေးကွက်မှာ သာ ဈေးနှုန်းတွေ မြင့်တက် လာတယ်လို့လည်း သိရပါတယ်။
နေပြည်တော် ပြည်ထောင်စုနယ်မြေထဲက ပုဗ္ပသီရိမြို့နယ်၊ သပြေကုန်း၊ သာယာကုန်းနဲ့ ရွှေကြာပင်ရပ်ကွက် အစရှိတဲ့ နေရာတွေမှာတော့ အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား လုပ်ငန်းများ လတ်တလော ပိုမိုတွင်ကျယ်လာကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews