ဘူတန်ဘုရင့်နိုင်ငံမှ ဆေးဘက်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ယာယီဆေးရုံ(ပေါင်းလောင်း)တွင် ပူးပေါင်းပါဝင်ကုသပေးလျက်ရှိ


(ပြည်တွင်း) ဧပြီ ၁၂

မြန်မာနိုင်ငံမှ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ဆေးဝါးကုသပေးရန်အတွက် ဘူတန်ဘုရင့်နိုင်ငံ ဘုရင်မင်းမြတ်ကစေလွှတ်လိုက်သော ဘူတန်နိုင်ငံ ဆေးဘက်ဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားကွင်း၌ ဖွင့်လှစ်ထားသည့် ယာယီဆေးရုံ (ပေါင်းလောင်း)၌ ဧပြီလ ၃ ရက်မှစတင်၍ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူကြီးများ၊ ဆရာဝန်၊ သူနာပြုများနှင့် ပူးပေါင်း၍ ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဘူတန်နိုင်ငံ ဆေးဘက်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွင် ဦးနှောက်နှင့်အာရုံကြော ကုသမှုဆိုင်ရာ ပါရဂူ၊ အရိုးအကြောဆိုင်ရာပါရဂူ၊ မေ့ဆေးပါရဂူ၊ ခွဲစိတ်ကုသမှုပါရဂူ၊ အရေးပေါ် ကုသမှုဆိုင်ရာ ပါရဂူတို့အပါအဝင် အဖွဲ့ဝင် ၈၇ ဦးပါဝင်ပြီး မြေစိုက်အရေးပေါ်ခွဲစိတ်ခန်း နှစ်ခန်းတည် ဆောက်ကာ နေ့စဉ်အကြီးစားနှင့် အသေးစားခွဲစိတ်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်ရှိ ဗုဒ္ဓရတနာပရဟိတပညာဒါနကျောင်းတိုက်ရှိ ကျောင်းသား၊ ကျောင်းသူ ၁၈၀ ဦး၊ ယာယီနေရပ်စွန့်ခွာ နေရသူများနှင့် ငလျင်ဒဏ်သင့်အိမ်ထောင်စု ၆၉ စုမှ မိသားစုဝင် ၁၀၀ ကျော်တို့အား ကျန်းမာရေးစစ်ဆေး၍ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင်ဆေးဘက်ဆိုင်ရာအဖွဲ့သည် အဆိုပါကျောင်းတိုက်၌ ခေတ်မီရေသန့်စင်စက်နှင့် လီတာ ၂၀၀၀ ဆံ့ ရေတိုင်ကီတစ်လုံးတို့ကို တပ်ဆင်လှူဒါန်းခဲ့ပြီး ကျောင်းတိုက်ရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ကလေးအသုံးအဆောင်ပစ္စည်း ၂၄၀ ထုပ်နှင့် အားကစားပစ္စည်းများကို လှူဒါန်းရာ ကျောင်းတိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာဒီပက ဉာဏ်တော် ၁၈ လက်မရှိ ကျွန်းနက်ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဘူတန်နိုင်ငံ ဘုရင်မင်းမြတ်အတွက် အမှတ်တရလက်ဆောင်အဖြစ် ပြန်လည်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

၎င်းအပြင် ဘူတန်နိုင်ငံဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ သည် ပျဉ်းမနားမြို့ရှိ ခေမာသီဝံပရိယတ္တိစာသင်တိုက်နှင့် မစိုးရိမ်ကျောင်းတိုက်တို့၌ ငွေကျပ်သိန်း ၄၅၀ တန်ဖိုးရှိ လျှပ်စစ်ဓာတ်အားမလိုအပ်ဘဲ တစ်နေ့လျှင် ရေလီတာ ၁၀၀၀၀ သန့်စင်ပေးနိုင်သည့် အလိုအလျောက် ရေသန့်စင်စက်နှင့် လီတာ ၂၀၀၀ ဆံ့ရေတိုင်ကီ တစ်လုံးစီတို့ကို တပ်ဆင်လှူဒါန်းပေးခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ တစ်ကိုယ်ရေသုံးပစ္စည်း အစုံ ၁၀၀ စီနှင့် ဆန်၊ စားသုံးဆီ၊ သကြားစသည့် လှူဖွယ်ပစ္စည်းများ ကိုလည်း လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အလားတူ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ရွေ့လျားခွဲစိတ်ယာဉ်၊ ရွေ့လျားဓာတ်မှန်ယာဉ်၊ ရွေ့လျားဓာတ်ခွဲယာဉ်တို့ဖြင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအား အခမဲ့ ဆေးဝါးကုသပေးလျက်ရှိရာ ယနေ့ထိ ခွဲစိတ်လူနာ ၆၆ ဦးကိုအောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး နေ့စဉ် အတွင်းလူနာ ၆၀ ဦးခန့်၊ ယနေ့ထိပြင်ပလူနာ ၂၆၀၀ ကျော်တို့ကို ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးဝါးကုသခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN