
(ပြည်တွင်း) ဧပြီ ၅
တပ်မတော်အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ငလျင်သဘာဝ ဘေးဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအားစာနာ ထောက်ထားနားလည်သောအားဖြင့်လည်းကောင်း၊ကူညီကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် လည်းကောင်း တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလျက် ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ထား ပြီး ဖြစ်သည်။


ထိုကဲ့သို့ တပ်မတော်မှ ယာယီပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးထုတ်ပြန်ထားသည့် ကာလ အတွင်း အကြမ်း ဖက်သောင်း ကျန်းသူ KIA အဖွဲ့နှင့် PDF များက နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်မှုများကို အလစ်အငိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ယမန်နေ့မွန်းလွဲ ၂ နာရီခန့်တွင် မိုးညှင်းမြို့၊ မြို့မဈေးအနီး နယ်မြေ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သား များနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သောင်း ကျန်းသူ KIA အဖွဲ့နှင့် PDF အဖွဲ့ဝင်များက ဆိုင်ကယ်ဖြင့် ရုတ်တရက် မောင်းနှင် ဝင်ရောက်လာပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး နှင့် အရပ်သားပြည်သူ ၂ ဦးတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိုးညှင်းမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
#PAN