ယူကရိမ်းစစ် ရပ်စဲရေးဘယ်လောက်အထိ အောင်မြင်နိုင်သလဲ

(ဆောင်းပါးကဏ္ဍ) မတ် ၁၆
နေဇင်လတ်

       မှတ်မှတ်ရရ ယူကရိန်းစစ်ဖြစ်လာခဲ့ရင် ဒုတိယကမ္ဘာစစ် နောက်ပိုင်း နှစ်ပေါင်း ၈ဝ အတွင်းမှာ အကြီးမားဆုံးစစ်ဖြစ်လာလိမ့်မယ်။ အသေအပျောက်၊ အဆုံးအရှုံးအကြီးဆုံးစစ်ဖြစ်လာလိမ့်မယ်လို့ ပထမဦးဆုံး တွက်ချက်သတိ ပေးခဲ့တာ UK ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဘိုင်ဒင်ရဲ့ ခပ်ပေါ့ပေါ့ တွက်ချက်မှုနဲ့တွန်းအားအဓိကပြုပြီး စစ်ကြီးဖြစ်လာခဲ့တယ်။

       ရုရှားကို စစ်မျက်နှာစာက တစ်ဖက်၊ စီးပွား ရေးမျက်နှာစာက တစ်ဖက်ဝိုင်းတိုက်ရင် ပူတင် မခံနိုင်ဘူးလို့ တရားသေတွက်ထားပုံရတယ်။ ရုရှားပြိုရင် တရုတ်ဆီ ပစ်မှတ်ရောက်လာမှာ သိလို့တရုတ်က အီရန်၊ မြောက်ကိုရီးယားတို့ကိုပါအပါခေါ်ပြီး ရုရှားနဲ့ ဝိုင်းရံလိုက်တာမှာ အမေရိကန်တွက်ချက်မှုမှားယွင်းသွားခဲ့ပြီး မျှော်မှန်းသလိုဖြစ်မလာခဲ့တော့ပါဘူး။ စစ်ပွဲဟာ သုံးနှစ်ထဲ ရောက် လာနေပေမဲ့လည်း တိုက်ခိုက်နေတုန်းပါပဲ။ အခွန် ထမ်း ပြည်သူတွေရဲ့ငွေကို ယူကရိန်းအကူဘက် အသုံးများသွားလို့ ဘိုင်ဒင်ကို ပြည်သူတွေကရော၊ လွှတ်တော်ကပါဆန့်ကျင်တာကို ခံလိုက်ရတာ အဖတ်တင်သွားတယ်။

       ဘိုင်ဒင့်သက်တမ်းအတွင်းမှာ ရုရှားကို အနိုင် ရပြီး သမိုင်းသစ်တစ်ခုကို ထူထောင်ချင်တဲ့ဘိုင်ဒင်ဟာ သက်တမ်းကုန်သွားပြီး ရုရှားကိုလည်း အနိုင်မရ။ သမိုင်းပျက်ပြီး အိမ်ဖြူတော်ကသာ ထွက်ခွာသွားလိုက်ရပါတော့တယ်။

       ရုရှားအနေနဲ့ ၂ဝ၂၄ အောက်တိုဘာလလောက်အထိ စစ်ကိုဆွဲတိုက်သွားပြီး ဘိုင်ဒင့်အနာဂတ်ကိုစစ်နွံမှာ နစ်လိမ့်မယ်ကြိုရေးခဲ့တာမှန်သွားပါပြီ။ ဒီစစ်ကြောင့်ပဲ ဘိုင်ဒင်နောက်ထပ်သက်တမ်း အရွေးမခံရတော့တာပါ။ ရုရှားကို စစ်နွံနစ်ဖို့ ကြိုးစားခဲ့တဲ့ ဘိုင်ဒင်ဟာ သူဖော်တဲ့ဆေး သူပြန်စားသွားရပါပြီ။

တစ်ရက်တည်းအဆုံးသတ်မဲ့ “ထရမ့်”

       စည်းရုံးရေးကာလအတွင်း ထရမ့်က “ယူကရိန်းစစ်ကိုအဆုံးသတ်နိုင်သူဟာ သူတစ်ဦးတည်းရှိတယ်” “ဒီစစ်ကို သူသာသမ္မတဖြစ်လာရင် တစ်ရက်တည်းအဆုံးသတ်ပြမယ်” လို့ လေ ထွားခဲ့ဖူးတယ်။

ထရမ့်သမ္မတ ဖြစ်လာပါပြီ

       တစ်ရက်တည်း အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ထီးဖြူဆောင်းမင်းဖြစ်မည့်သူက ဘာကြောင့် ဒီလိုမျိုး မဆင်မခြင် စကားမျိုးပြောခဲ့တာလဲကိုမသိပါ။ နိုင်ငံအဆင့်တွေအကြား ဖြစ်သွားတဲ့ စစ်မပြောနဲ့ ပြည်တွင်းက တစ်ဖွဲ့နဲ့တစ်ဖွဲ့အကြားဖြစ်ကြတဲ့စစ်ပွဲတွေတောင်ရက်ပိုင်းနဲ့ အဆုံးသတ်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမျိုးမဟုတ်ပါဘူး။

      Trump က ရက် ၉ဝ အတွင်း အဆုံးသတ်ရေး စီမံကိန်းရေးဆွဲနေပါတယ်။ ငြိမ်းချမ်းရေးအဆင့်နဲ့ အဆုံးသတ်ဖို့က အဝေးကြီးပါ။ အပစ်ရပ်ရေးအဆင့်ထိတောင် အတော်လုပ်ယူရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ယူကရိန်းစစ်ထဲမှာ NATO တစ်ခုလုံး ပါဝင်နေပြီး အမေရိကန်နဲ့သဘောထားချင်း မတိုက်ဆိုင်တဲ့ ပြင်သစ်၊ ယူကေတို့ ရှိနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ထရမ့်သမ္မတကာလရက် ၃ဝ ဖြစ်သွားခဲ့ပါပြီ။ ရက် ၆ဝ ပဲ ကျန်ပါတော့တယ်။ ကျန်တဲ့အချိန်မှာ အတော့်ကို အသည်းအသန်လုပ်ရကိုင်ရပါလိမ့်မယ်။
အဓိကဇာတ်ကောင်တွေက-
       ဇလန်စကီး၊ ပြင်သစ်၊ ယူကေ၊ ရုရှားနဲ့ အမေရိကန်
       အဲ့ဒီ အဓိကဇာတ်ကောင်ငါးဦးရဲ့ ဘုံသဘောတူညီချက်ရဖို့ဆိုတာ မျှော်သလောက် လွယ်မယ်မထင်ပါဘူး။ ပြဿနာပေါင်းသောင်း ခြောက်ထောင်ကို ကျော်ဖြတ်ဖို့ လိုပါလိမ့်ဦးမယ်။

ခေတ်တွေမတူတော့ဘူး

       အမေရိကန်မွန်းတည့်ချိန်မဟုတ်တော့ပါ။ အမေရိကန်မျက်နှာ “ညှိုး” မှာကို အစိုးရိမ်လွန်ရတဲ့ခေတ်မဟုတ်တော့ပြန်ပါဘူး။ အတိတ်က ရွှေထီးဆောင်း ကာလပုံစံမျိုးနဲ့တွေ့ရင် ထရမ့်အနေနဲ့ အတော်အခက် အခဲတွေကို ရင်ဆိုင်ရပါလိမ့်မယ်။ ထရမ့်ဘက်ကတော့ အမေရိကန်ဟာ ယူကရိန်းကို အကူပေးပမာဏ အများဆုံးဖြစ်လို့ ဖိအားကြီးကြီးပေးရင် အလုပ်ဖြစ်စေလိမ့်မယ်လို့ တွေးနိုင်တယ်။ အမှန်တကယ်လဲ အမေရိကန်ပေးတဲ့ အကူပမာဏက အများဆုံးဖြစ်နေပြန်တယ်။

       အင်တာဗျူးတစ်ခုမှာ ထရမ့် ဖြေသွားချက်အရဆိုရင် အမေရိကန်က ယူကရိန်းကိုပေးခဲ့တာ$ 350 Billion ဖိုးရှိပြီး NATO အားလုံးပေါင်းက S 200 Billion ပဲ ရှိတယ်လို့ဆိုတယ်။ လွှတ် တော်ခွင့်ပြုချက်ရယ်၊ သမ္မတအမိန့်ရယ်နှစ်ရပ်ပေါင်းဖြစ်ပါလိမ့်မယ်။

        ယူကရိန်းကာကွယ်ရေးကော်မတီ အကြီး အကဲ ထုတ်ပြောလာပါတယ်။
        “ယူကရိန်းကို အမေရိကန်က စစ်လက်နက် ပစ္စည်းတွေ ရောင်းချဖို့ ရပ်တန့်လိုက်ပြီ”
       ဒါပေမဲ့ UK, France, Germany တွေကဆက်ပြီး ထောက်ပံ့ရောင်းချနေဆဲဖြစ်ပါတယ်။ပြီးတော့ ဘိုင်ဒင်မဆင်းခင်က $ 60 Billion ဖိုးအကူအညီက ရှိနေပါသေးတယ်။ ဒါတွေနဲ့ အနည်းဆုံးစစ်ကို ခြောက်လ ရှစ်လလောက်ဆက်တိုက်နေနိုင်သေးလို့ ရုတ်တရက်စစ်ဟာ ပြီးဆုံးသွားဖို့ မမြင်နိုင်သေးပါဘူး။

       နောက်တစ်ခုက ယူကရိန်းသမ္မတ ဇလန်စကီးအနေနဲ့ ရုရှားထိန်းချုပ်မှ အောက်ရောက်သွားတဲ့ ယူကရိန်း နယ်မြေရာခိုင်နှုန်း၂ဝ ကို ပြန်လိုချင်နေသေးတယ်။ ဒါက သူ့သမိုင်းဖြစ်နေတာကိုး၊ အမေရိကန်ကာကွယ်ရေးဝန်ကြီးကရော၊ နိုင်ငံခြား ရေးဝန်ကြီးကရော၊ ထရမ့်ကပါ “ဒီတောင်းဆိုမှုက လက်တွေ့မကျဘူး။ ဖြစ်နိုင်တဲ့တောင်းဆိုမှ မဟုတ်ဘူး” လို့ ဆိုထားတယ်။ ဂျာမနီ အဓိပတိ ကလည်း ၂၀၂၄ ထဲမှာစစ်ပြေငြိမ်းချင်ရင်ပါသွားတဲ့ နယ်မြေကို စွန့်လွှတ်ပြီးမှသာ စေ့စပ်ရေးလုပ်လို့ရလိမ့်မယ်လို့ စကားကြောင်းထားခဲ့ဖူးတယ်။

       ပြဿနာကဇလန်စကီးကလက်ရှိ သမ္မတ ဖြစ်နေတာပဲ။ သူ့သဘောထားမပါရင် ငြိမ်းချမ်းရေးမပြောနဲ့အပစ်ရပ်ရေးတောင် ချက်ချင်းလုပ်ယူလို့ရမှာ မဟုတ်ပြန်တာပါပဲ။

UK က ဦးဆောင်ပြီးစစ်ဆက်တိုက်မယ်

       ဒီကြားထဲမှာ ယူကေဝန်ကြီးချုပ် Kier Starmer ရဲ့အယူအဆကတစ်မျိုး တစ်ဘာသာပါ။ သူ ထောက်ပြတာက တစ်ဝက်မှန်ကန်သလို အပြောင်းအလဲ တစ်ခုကို ဆောင်ကြဉ်းနိုင်ပါ့မလားလို့လဲ မေးစရာဖြစ်လာတယ်။ သူထောက်ပြတာက ယူကရိမ်းမှာစစ်ရှုံးသွားရင် ရုရှားက အခြား NATO နိုင်ငံတွေကိုထိပါး ခြိမ်း ခြောက်လာမယ်ဆိုတဲ့ အယူအဆပါ။ ဖြစ်နိုင်ခြေက ၅ဝ: ၅ဝ လို့ပဲ ပြောရပါလိမ့်မယ်။

       ၂ဝ၂၄ ထဲမှာ အတော်ကျယ်ကျယ်ပြန့်ပြန့်ထွက်လာတဲ့ သတင်းတစ်ခုက NATO ကို တစ္ဆေခြောက်နေပါတယ်။ ဂျာမနီက တိုးတိုးတိတ်တိတ်စစ်ရေး စီမံချက်တွေ ရေးဆွဲနေပြီး NATO ကအခြားနိုင်ငံတွေပါ ဒီသတင်းကို ရတော့မှ ဂျာမနီလည်း ဝန်ခံသွားတဲ့သတင်းပါ။ အဲ့ဒီသတင်းကတော့ ရုရှားဟာ NATO ကို ငါးနှစ်အတွင်း စစ်ပြုနိုင်တယ်ဆိုတဲ့ သတင်းပါပဲ။ ဒီသတင်းက ၂ဝ၂၅ ထဲမှာ တစ်ခေါက်ပြန်ထွက်လာခဲ့တယ်။ ယူကေက အဲ့ဒီအပေါ်မှာ စိုးရိမ်စိတ်ရှိနေဟန် တူ တယ်။ ဒါကြောင့် သူတို့ဘက်မရောက်အောင် ယူကရိန်းစစ်ကို ဆက်တိုက်ချင်ဟန်တူပါတယ်။

       ယူကရိမ်းစစ်ကို အမေရိကန်ရဲ့ အဓိကတွန်း အားနဲ့စတင်ခဲ့ပြီး ထရမ့်လက်ထက်မှာ နောက် ဆုတ်သွားရင်တောင် Starmer က အမေရိကန်ရဲ့ ခေါင်းဆောင်နေရာကို ယူကေက ဝင်ယူပြီး ဦး ဆောင်တိုက်မယ်လို့ဆိုတယ်။ ယူကရိန်း ကိုလဲ UK ကတစ်နှစ်ကို S 3 Billion နှုန်းနဲ့ ၂၀၃၀ အထိတောက်လျှောက် စစ်အကူ အညီပေးသွားမယ်လို့လဲ ကမ်းလှမ်းခဲ့ဖူးတယ်။ ယူကေဘက် က အဲ့ဒီအဆိုပြုချက်ကို ထုတ်ဖော်ခဲ့ပေမယ့် အခြား NATO နိုင်ငံတွေ ကရော ဘယ်လောက်အထိစစ်ကူပေးနိုင်ပါမလဲဆိုတာက မေးခွန်းဖြစ်လာခဲ့တယ်။ လောလောဆယ်ယူကရိန်းစစ် သုံးနှစ် အတွင်း NATO နိုင်ငံတွေရဲ့ စစ်အကူကကို ခြေကုန်လက်ပမ်း ကျနေဟန် တွေ့နေရတယ်။

       အဲ့ဒီလိုအခြေအနေမျိုးမှာ NATO ခေါင်း ဆောင်က အနောက်ဥရောပလက်နက်တိုက်တွေထဲမှာ လက်နက်အင်အားတွေမရှိတော့ဘူး။ ခန်းခြောက်နေပြီလို့ သတိ ပေးလာပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ရုရှားက Oreshnik မစ်ဇိုင်းတွေကို ခပ်တွင်တွင် ထုတ်လုပ်နေတာတွေ့ရတယ်။ UK ဦးဆောင်ပြီး စစ်ဆက်တိုက်တာ ဘယ်လောက်ကြာကြာအထိ ဆက်တိုက်နိုင်ပါမလဲ။ ယူကရိန်းနယ်မြေ ဘယ်လောက်အထိထပ်ပါသွားဦးမလဲ။

       အခုပဲအပစ်ရပ်ရေးစကားပြောနေကြတုန်းမှာ ရုရှားက ယူကရိန်းရဲ့ နယ်မြေသစ်ဖြစ်တဲ့ အရှေ့ မြောက်ဘက် ပိုင်းက Sumy ဒေသကို ရုရှားရဲ့အမှတ် ၈၁၀ ရေတပ်ရှေ့တန်းတိုက်ခိုက်ရေးတပ်တွေက အလုံးအရင်းနဲ့ စစ်မျက်နှာသစ်တစ်ခုဖွင့်ပြီး တိုက်နေတာ တွေ့ရတယ်။ အဲ့ဒီဒေသကို ၂ဝ၂၂ စစ်ဖြစ်ကတည်းက လုံးဝမတိုက်ရသေးပါဘူး။ နယ်မြေပိုပါတော့မယ့်သဘော ဖြစ်နေပါတယ်။

ရီယာဒ်မှာ စကားပြောကြပြီ

        ပူတင်နဲ့ထရမ့်တို့ထိပ်သီးချင်းမတွေ့ဆုံမီ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး အဖွဲ့တွေဆော်ဒီရဲ့ရီယာဒ်မှာတွေ့ဆုံကြတယ်။ ရုရှားဘက်က သူတို့သိမ်းထားတဲ့ နယ်မြေတစ်လက်မမှ ပြန်မပေးတဲ့အပေါ်ရပ်တည်ပြီးစကားပြောသွားကြတယ်။ ကနဦးဆွေးနွေးမှုမှာရလဒ်ကောင်းတွေ ထွက်လာတယ်လို့ နှစ်ဖက်လုံးက မပြောကြပေမယ့် ရုရှားဘက်ကတော့ အမေရိကန်ရဲ့ ဆွေး နွေးမှုက “အသုံးတည့်ပါတယ်”လို့ မှတ်ချက်ပြုလိုက်တာတွေ့ရတယ်။

       ဒီနေရာမှာ အကျယ်လောင်ဆုံး အသံနှစ်ခုထွက်လာပါတယ်။
      ပထမအသံက ကာယကံရှင်ဖြစ်တဲ့ ဇလန်စကီးစကားဝိုင်းမှာ မပါဝင်ရလို့ မမျှတဘူး။ တရားမဝင်ဘူးလို့ ပြောတဲ့အသံနဲ့ ဒုတိယအသံက NATO ကိုဆွေးနွေးပွဲမှာ မဖိတ်လို့မကျေနပ်တဲ့ အမေရိကန်ဘက်က အသံဖြစ်ပါတယ်။အကြောင်းပြတာက –
      “လူများပြီး ပွဲမစည်မှာစိုးလို့ NATO ကိုမဖိတ်တာ၊ သင့်လျော်တဲ့ ကာလတစ်ခုကျရင် ဖိတ်ကြားသွားမှာပါလို့” ဖြေရှင်းသွားခဲ့ပါတယ်။ NATO ဘက်က တောင်းဆိုမှုတွေကြောင့် ရက် ၉ဝ အတွင်း အပစ်ရပ်ရေးကရောဖြစ်နိုင်ပါမလား၊အမေရိကန်ဘာဆက်လုပ်မလဲ၊အတော်လေးရှုပ်ထွေးလှတာကို တွေ့ရပါလိမ့်မယ်။ ဒီအတောအတွင်းမှာကိုပဲ NATO ကအမေရိကန်နုတ်ထွက်သွားခဲ့ရင် NATO ဟာ ဆက်လက်ပြီး ရပ်တည်နိုင်စွမ်း ရှိနေရမယ်။ NATO နိုင်ငံတွေကို ကာကွယ်နိုင်ရမယ်ဆိုတဲ့ လေသံတွေကလဲ ပစ်ပြနေပြန်တာတွေ့ရတယ်။ အမေရိကန်မရှိတော့တဲ့ NATO ဟာ စက္ကူကျားသာသာဖြစ်သွားပြီး အမေရိကန်မရှိရင် NATO တစ်ခုလုံးပေါင်းက ရုရှားကိုမခုခံ၊ မကာကွယ်နိုင်ဘူးဆိုတဲ့ စစ်ရေးနှိုင်းပြ သုံးသပ်ချက်တွေနဲ့ သတိပေးထားတာတွေလဲထွက်လာပါတယ်။ ရုရှားမှာ တပ်တော်ကြီးအဆင့် ၂၅ဝ နဲ့ စုဖွဲ့ထား ပြီးNATO အားလုံးပေါင်းရင်
၅၀ တောင်မရှိဘူးလို့ဆိုတယ်။ မစ်ဇိုင်းအဆင့် မှာ ရုရှားကို အမေရိကန်က တောင်ယှဉ်ဖို့အနိုင်နိုင်ဖြစ်နေပြီး NATO ကတော့ ရုရှားကို လုံးဝမယှဉ်နိုင်ဘူးလို့ ထောက်ပြထားတာ တွေ့ရတယ်။

အဆင့်သုံးဆင့် ဇလန်စကီးဖယ်ရှားရေး

       ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတဲ့ Peace Process ကိုအခြေအနေနဲ့အဆင့်သုံးဆင့်သတ် မှတ်ထားကြတယ်။
      အဆင့်(၁) အပစ်ရပ်ရေး
      အဆင့်(၂) ရွေးကောက်ပွဲကျင်းပ
      အဆင့်(၃) ငြိမ်းချမ်းရေးလက်မှတ်ရေးထိုး

      အဆင့်နှစ်မှာ ဇလန်စကီးကို ဖယ်ရှားကြတော့မယ်ဆိုတာ ဇလန်စကီးမသိစရာမရှိပါ။ ဒါကြောင့် အဆင့်နှစ်မရောက်ခင် အဆင့်တစ်အပစ်ရပ်ရေးကို ဇလန်စကီး သဘောမတူခဲ့ရင်ဆိုတဲ့ မေးခွန်းဖြစ်လာတယ်။ ဒီကြားထဲမှာ ထရမ့်ရဲ့ ပထမ သက်တမ်းတုန်းက အကြံ ပေးဖြစ်သူ John Bolton ရဲ့ ပြောပုံကြီးကကြောက်စရာပါ။ အခုအချိန်မှာ ပူတင်ကိုဖြစ်ဖြစ်၊ ဇလန်စကီးကိုဖြစ်ဖြစ် လုပ်ကြံရင်လည်း ဘာမှ ထူးတော့မှာမဟုတ်ပါဘူး။ ပူတင်ကို လုပ်ကြံဖို့က အလွန်ခက်ခဲလှပါလိမ့်မယ်။ ဇလန်စကီးက အဆင့် တစ်အပစ်ရပ်ရေးကို သဘောမတူခဲ့ရင် ပစ်မှတ်က ဇလန်စကီးဆီကို ရောက်လာနိုင်ပါတယ်။ ဒီအချက်ကလည်း သတိထားရမယ့်အရာ ဖြစ်ပါတယ်။ ဇလန်စကီးဘက်ကအပစ်ရပ်ရေးအဆင့်ကို သဘောတူညီစေချင်ရင် “ဘယ်လိုအခြေအနေတွေဖန်တီးပေးရမယ်” ဆိုတဲ့တောင်းဆိုမှုကိုတောင်းဆိုလာနိုင်တယ်။ UK က ဇလန်စကီးဘက်မှာ ရှိနေတာ အသေအချာပါပဲ။ Starmer ပြုတ် သွားရင်လည်း အခြေအနေက ပြောင်းသွားနိုင်ပြန်တယ်ဆိုတာကိုထည့် စဉ်းစားရဦးမှာဖြစ်ပါတယ်။ UK ဝန်ချုပ်ဟောင်း Liz Truss ကလည်း အမေရိကန်အနေနဲ့ UK နိုင်ငံရေးကို ဝင်ရောက်ရှင်းလင်းပေးဖို့လိုတယ်လို့ တောင်းဆိုနေ တာတွေ့လိုက်ရတယ်။ လက်ရှိဝန်ချုပ် ဖြုတ်ချရေးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

       ဇလန်စကီးဟာ Biden ရဲ့အလိုကျ ရုရှားကိုစစ်တိုက်ပေးရင်း Trumpလက်ထက်မှာ “သေလူဖြစ်မှန်းမသိဖြစ်သွားခဲ့ရပါပြီ”။ G-7 အစည်း အဝေးလို Hish Profile Statement ဆိုတဲ့ အရေးပါတဲ့ နိုင်ငံအဆင့်ထုတ်ပြန်ချက်တွေမှာ “ရုရှားရဲ့ ရန်လိုမှု”ဆိုတဲ့ အသုံးအနှုန်းမျိုးမသုံးစွဲရေး ထရမ့်က တိုက်တွန်းလိုက်တယ်။ ဒါကိုကြည့်ရင် ယူကရိန်းစစ်အဆုံးသတ်ရေးဟာ ရုရှားဘက် အလေးပေးညှိနှိုင်းသွားမှာဖြစ်တယ်ဆိုတာကို ဇလန်စကီးရော၊ NATO ရော မသိစရာမရှိပါ။

      ဇလန်စကီးအနေနဲ့ အပစ်ရပ်ရေး သဘောတူလိုက်တာနဲ့ ဒုတိယအဆင့်ရွေးကောက်ပွဲမှာ အဖယ်ရှားခံရတော့မှာပါ။ အမေရိကန်ထောက်ခံသူ အထူးသဖြင့် ထရမ့်ပြောသမျှ လိုက်နာမယ့် သမ္မတတက်လာခဲ့ရင် NATO ကဏ္ဍလည်းပျောက်ကွယ်သွားတော့မှာပါ။ ဒီအချက်ကိုအခြား NATO နိုင်ငံတွေ ခဏထား UK နဲ့ပြင်သစ်က လက်ခံနိုင်ပါမလား။

       ယူကရိန်းစစ်ဟာ စစ်ဖြစ်ဖို့ လွယ်ပေမယ့် နှစ်နိုင်ငံကြားဖြစ်တဲ့စစ် မဟုတ်ပဲ ၃၂ နိုင်ငံပါတဲ့ NATO နဲ့ဖြစ်တဲ့စစ်ဖြစ်လို့ အမယ်ဘုတ်သူ့ချည်ခင် Gordian Knot ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါပြီ။ တစ်ရက်အတွင်း စစ်ရပ်စဲမယ် ဆိုတာကိုမဖြစ်နိုင်မှန်းသိသွားတဲ့ ထရမ့်က ရက် ၉ဝ အချိန် ယူလိုက်ရပါပြီ။လက်တွေ့အကောင် အထည်ဖော်တော့ ရက် ၉ဝ တောင်လုံလောက်မယ်လို့ ထင်မှာမဟုတ်တော့ပါဘူး။

       ဘယ်လောက်ဖိအားတွေနဲ့ ကစားပြီး ရှေ့ ဆက်တိုးကြမယ်ဆိုတာကိုတော့ မကြာခင် မြင်လာကြရပါလိမ့်မယ်။

#PAN