(ပြည်တွင်း) မေ ၁၀
မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် သထုံမြို့နယ်၊ ကြာပန်းကျေးရွာရှိ သထုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံနှင့် အမှတ် (၂၁) အကြီးစားစက်ရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ သထုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံအင်ဂျင်နီယာမှူးကြီး ဒေါ်နှင်းသီရိနှင့် Yangon Industrial Solutions Co., Ltd မှ ပရောဂျက်မန်နေဂျာ ဦးကျော်ကိုကိုတို့က စက်ရုံ၏ လက်ရှိအခြေအနေများနှင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ရှင်းလင်းချက်များအပေါ် ပြည်နယ်ဝန်ကြီးက ယင်းစက်ရုံ ပြန်လည်လည်ပတ်နိုင်ပါက မွန်ပြည်နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်မီးရရှိချိန် ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများကို အမြန်ဆုံးပြီးမြောက်စေရန် သက်ဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ထို့နောက် စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ဆက်လက်၍ အမှတ် (၂၁) အကြီးစားစက်ရုံသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးက အမှာစကားပြောကြားခဲ့ပြီး စက်ရုံမှူး ဦးဝင်းနိုင်ဦးက စက်ရုံဆိုင်ရာ လုပ်ငန်းအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

#PAN