ပြည်ကြီးတံခွန်မြို့နယ်တွင် ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


(မှုခင်း) မတ်လ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၀ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅၄ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၉ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဟန်ဝင်းအောင် မောင်းနှင်ပြီး နိုင်မင်းထက် နှင့် စိုးမိုးအောင် တို့လိုက်ပါလာသည့် NISSAN CONDOR ၆ ဘီးမော်တော်ယာဉ်ကို သတင်းအရရှာ ဖွေရာ ယာဉ်ပေါ်တွင် ဂျပ်စက္ကူအဟောင်းများ၊ ရေသန့်ဘူးခွံများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ပလတ်စတစ် ဆပ်ပြာခွက် ၃,၀၈၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၃၀ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ် ဆေးပြား ၁ ဒသမ ၅၄ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ် သူများဖြစ်ကြသည့် တင်ဝင်း အား ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်၊ ၁၃၉(B)လမ်း၊ ၆၂ x ၆၃ လမ်းကြားတွင်လည်းကောင်း၊ မသီရိဒုံ နှင့် မဝါဝါစိုး တို့အား မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN