ရေလဲတိုက်နယ်ဆေးရုံအဆောက်အဦးတည်ဆောက်နေမှု အပြီးသတ်နိုင်ရေး ဆွေးနွေး

(ကျန်းမာရေး)မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်တွင် မြို့နယ်ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် ဆေးရုံဝန်ဆောင်မှုဖွံ့ဖြိုးရေးအခြေအနေများကို ညှိနှိုင်းဆွေးနွေးသည့် တွေ့ဆုံစည်းဝေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်ဆရာဝန်ကြီး ဦးကျော်ကျော်လင်း၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ အရာထမ်းအငြိမ်းစားများနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးချိုမြင့်ခိုင်တို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြို့နယ်ဆရာဝန်ကြီးက ပြင်ပလူနာနှင့် အတွင်းလူနာကုသမှုအခြေအနေများ၊ သွေးစစ်ခြင်းနှင့် ရောဂါရှာဖွေဝန်ဆောင်မှုများ၊ ဓာတ်မှန်ရိုက်လုပ်ငန်းများကို စရိတ်သက်သာစွာ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး လူနာစောင့်များအတွက် ရေချိုးကန် (၈ ပေ × ၃ ပေ) တည်ဆောက်ရန် စီစဉ်နေမှုကိုလည်း ထည့်သွင်းရှင်းလင်းခဲ့သည်။

ထို့အပြင် ကျုံရှတိုက်နယ်ဆရာဝန်နှင့်ပတ်သက်သည့် ဒေသခံများ၏ လူမှုဆက်ဆံရေးနှင့် ကုသမှုအခြေအနေများ၊ ဆရာဝန်အင်အားလိုအပ်ချက်များ၊ တိုက်နယ်ဆေးရုံအပြောင်းအရွှေ့နှင့် ဝန်ထမ်းအားလပ်မှုကြောင့် ဆေးရုံနှစ်ခုတွင် ဖြစ်ပေါ်နေသည့် အခက်အခဲများကိုလည်း ဆွေးနွေးတင်ပြခဲ့ကြသည်။

ရေလဲတိုက်နယ်ဆေးရုံအဆောက်အဦးတည်ဆောက်နေမှု အပြီးသတ်နိုင်ရေး၊ ကျေးလက်ကျန်းမာရေးဆေးခန်းများ၏ လိုအပ်ချက်များ၊ အကူသားဖွားသင်တန်းဖွင့်လှစ်နိုင်မည့် ကျေးရွာရွေးချယ်ရေးကိစ္စရပ်များကိုလည်း ဆက်လက်ဆွေးနွေးခဲ့ကြသည်။

မြို့မိမြို့ဖများက လစဉ်ပံ့ပိုးငွေများ၊ ရေရရှိရေးအစီအစဉ်များနှင့် ဝန်ထမ်းများအတွက် အထောက်အပံ့များ ပံ့ပိုးရေးအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။

လွှတ်တော်ကိုယ်စားလှယ်က စိတ်ပါဝင်စားသူကော်မတီတိုးချဲ့ဖွဲ့စည်းရေး၊ လစဉ်အစည်းအဝေးများ တက်ရောက်ပံ့ပိုးမည့်အစီအစဉ်၊ ကော့ကပ်တိုက်နယ်ဆေးရုံအတွက် ထရန်စဖော်မာလိုအပ်ချက်ကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပေးမည့်အခြေအနေများနှင့် အလှူရှင်များ ပိုမိုပါဝင်လာစေရန် ကူညီဆောင်ရွက်မည့်အကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

#PAN