သျှမ်းသံတော်ဆင့် ဖော်ပြတဲ့သတင်းဟာ သတင်းမှားလို့ TNLA ပြော


(ပြည်တွင်း) ဖေဖော်ဝါရီ ၆

သီပေါမြို့နယ် စံဖိတ်ကျေးရွာက ဒေသခံအရွယ်စုံ (၄၀) ဦးထက်မနည်းကို ဖုန်းအသုံးပြုတဲ့ အကြောင်းပြချက်နဲ့ TNLA တပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ရှမ်းသတင်းဌာနတစ်ခုဖြစ်တဲ့ သျှမ်းသံတော်ဆင့် ရဲ့ဖော်ပြချက်ဟာ သတင်းမှားလို့ တအောင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ TNLA က ပြန်လည် ငြင်းဆိုထားပါတယ်။

ဖေဖော်ဝါရီလ ပထမပတ်အတွင်း တအာင်း(ပလောင်) လက်နက်ကိုင် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်မှာ တားမြစ်ထားတဲ့ကြားက ဖုန်းပြောဆို ဆက်သွယ်တယ်လို့ဆိုကာ စံဖိတ်ကျေးရွာက ဒေသခံ အရွယ်စုံ (၄၀) ကျော်ကို ဖုန်းနဲ့အတူ နေအိမ်၊ လမ်းမကြီးတလျှောက်မှာ TNLA တွေက ဖမ်းဆီးခဲ့ကြတယ်လို့ သျှမ်းသံတော်ဆင့် က ဖော်ပြခဲ့ပါတယ်။

သီပေါတံတားကြီး တစ်ဘက်ခြမ်း ကိုးကန့်လက်နက်ကိုင် MNDAA ထိန်းချုပ်နယ်မြေဘက်မှာ ဖုန်းလိုင်းတွေ ရရှိနေတာကြောင့် ဒေသခံတွေ သွားရောက် ဖုန်းပြောဆို ဆက်သွယ်ရာက အပြန်မှာ TNLA တွေက ဖမ်းဆီးလိုက်ကြတာဖြစ်ပြီး ဖမ်းဆီးခံထားရတဲ့ စံဖိတ်ကျေးရွာက ဒေသခံ (၄၀) ကျော်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကိုတော့ မသိရှိရဘဲ လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာတာမရှိသေးဘူးလို့လည်း သတင်းမှာပါရှိပါတယ်။

အလားတူ သီပေါမြို့နယ်ရှိ ကျေးရွာများတွင် တအာင်း(ပလောင်)လူမျိုးများကို အဓိကထား၍ TNLA မှ အတင်းအကြပ် တပ်သားစုဆောင်းနေပြီး သားသမီး အစားထိုးအဖြစ် မိဘများကိုပါ ဖမ်းဆီးခေါ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။

သျှမ်းသံတော်ဆင့် ရဲ့ဖော်ပြခဲ့တဲ့ စံဖိတ်ကျေးရွာကဒေသခံ (၄၀)ကျော်ကို PSLF/TNLA က ဖမ်းဆီးခေါ်ဆောင်သွားတာမရှိဘူးလို့ ငြင်းဆိုထားပေမယ့် TNLA ဟာ ဒေသတွင်းက အမျိုးသားအမျိုးသမီး အရွယ်စုံကို အဓမ္မဖမ်းဆီးခေါ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ပြောဆိုမှုူတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ တတိယပတ်ကလည်း ကျောက်မဲမြို့နယ်က ပင်ပေါ၊ လုံကြိမ်၊ ကျောင်းကုန်းနဲ့ နောင်ပစ် ကျေးရွာတွေက အမျိုးသမီး (၄) ဦး အပါအဝင် အရပ်သား (၁၆) ဦးကို ကျွန်းပင်ခုတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ TNLA ကဖမ်းဆီးလိုက်တယ်လို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN