(ပြည်တွင်း) ဖေဖော်ဝါရီ ၄

ဂျပန်ကုမ္ပဏီ ၄၅၀ ကျော်က မြန်မာလုပ်သား ၁၅၀၀ ခန့်ခေါ်ယူမှာဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အလုပ်ကမ်းလှမ်းစာ ထုတ်ပြန်ထားတဲ့ စာရင်းများအရ သိရပါတယ်။
သံရုံး၏ထုတ်ပြန်ချက်၌ မြန်မာသံရုံးတိုကျိုမြို့အနေနဲ့ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး အခုလို စိစစ်ဆောင်ရွက်ရာမှာ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူတဲ့ စက်ရုံ/ကုမ္ပဏီများက ဂျပန်နိုင်ငံမှာ တရားဝင်တည်ထောင် ထားခြင်း ရှိ/မရှိ စာရွက်စာတမ်းအထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက် များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့်အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ လျက်ရှိကြောင်း ဖော်ပြထားပါတယ်။
မြန်မာသံရုံးအနေနဲ့ Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာလက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့တဲ့ အလုပ်ကမ်းလှမ်းစာ ၄၅၉ ခုနှင့်ပတ်သက်သည့် အချက်အလက် များကို အသိပေးထုတ်ပြန်ထားပါတယ်။
အဆိုပါစာရင်းအရ ဂျပန်ကုမ္ပဏီ ၄၅၀ ကျော်က မြန်မာလုပ်သား အမျိုးသား ၃၁၀ ကျော်၊ အမျိုးသမီး ၁၁၀၀ ကျော် ခေါ်ယူမယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက် ထုတ်ပြန်ချက်မှာ ဂျပန်ကုမ္ပဏီ ၃၀၀ ကျော်မှ မြန်မာလုပ်သားအမျိုးသား ၂၀၀ ကျော်နှင့် အမျိုးသမီး ၇၃၀ ကျော် စုစုပေါင်း ၉၀၀ ကျော် ခေါ်ယူမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews