(ပြည်တွင်း) ဇန်နဝါရီ ၃

ဆေးကုမ္ပဏီများမှ ဒုတိယအကြိမ်မြောက်အဖြစ် သုံးစွဲသူပြည်သူများထံ ဆေးဝါးများ တိုက်ရိုက်ထပ်မံ ရောင်းချ ပေးသွားမယ်လို့ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းသည် ဆေးဝါးသုံးစွဲသူပြည်သူများအား သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရန်နှင့် ဆေးဝါးများမပြတ်လပ်စေရေးအတွက်ရည်ရွယ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ယနေ့ ဖေဖော်ဝါရီလ ၃ ရက်မှ ၇ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဆောက်အအုံမှာ ဆေးဝါးများကို တိုက်ရိုက်ရောင်းချပေးသွားမှာဖြစ်ပါတယ်။
အဆိုပါ ဆေးဝါးများတိုက်ရိုက်ရောင်းချပေးရာတွင် ဆေးကုမ္ပဏီ ၆၁ ခုမှ ဆေးဝါးမျိုးစုံပါဝင်ပြသ ရောင်းချပေး သွားမှာဖြစ်ပြီး ဆေးဝယ်ယူရာတွင်လည်း ဝယ်ယူ၍မရရှိခြင်း နှင့် အခြားသောအခက်အခဲများရှိနိုင်ခြင်းတို့အပြင် ဆေးဝါးများ မှားယွင်းဝယ်ယူမိခြင်းမရှိစေရန်နှင့် အာနိသင်ရှိတဲ့ အလားတူဆေးဝါးများအား စိတ်ချစွာဝယ်ယူနိုင်ရန် အတွက် ဆွေးနွေးတိုင်ပင်လမ်းညွှန်မှုပြုပေးနိုင်ရန် ပြပွဲအတွင်းမှာ ဆရာဝန်ကြီးနှင့် ဆေးဝါးနားလည်ကျွမ်းကျင်သူများအား ထားရှိ၍ ဝန်ဆောင်မှုပေးကာ ဆောင်ရွက်ပေး သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ တတိယပတ်အတွင်းမှာ ပဲခူးတိုင်းဒေသကြီး အရောင်းစင်တာကို ထပ်မံဖွင့်လှစ်ကာ ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ တိုက်ရိုက်ဆေးဝါး ရောင်းချခြင်းများ ပြုလုပ်သွားမှာဖြစ်တာကြောင့် ဆေးဝါး သုံးစွဲသူ ပြည်သူများအနေနဲ့ မိမိတို့ကျန်းမာရေးအတွက် လိုအပ်သောဆေးဝါးများအား ၎င်းဆေးဝါးအရောင်း စင်တာများမှာ လာရောက်လေ့လာကြည့်ရှု ဝယ်ယူနိုင်ပါတယ်။
မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းအနေဖြင့် အဆိုပါဆေးဝါးတိုက်ရိုက်ရောင်းချပွဲများအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လနှင့် ဖေဖော်ဝါရီလတို့တွင် ပထမအကြိမ်အဖြစ် ရန်ကုန်၊ နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီးတို့၌ အရောင်းစင်တာများ ဖွင့်လှစ်ရောင်းချပေးခဲ့တယ်လို့လည်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews