(ပြည်တွင်း) ဇန်နဝါရီ ၂၅

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်းကြောင့် ပျက်စီးခဲ့ရတဲ့ သာစည်-ရွှေညောင်ရထားလမ်းကို ပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်ပြီးစီးခဲ့လို့ ယခင်ပြေးဆွဲ ပေးခဲ့သည့် အမှတ်(၁၄၁)အဆန်နှင့် အမှတ်(၁၄၂)အစုန် သာစည်-ရွှေညောင် လူစီးရထားတို့ကို ဇန်နဝါရီလ ၃၁ ရက်နှင့် ဖေဖော်ဝါရီလ ၃ ရက်တို့မှာ ပြန်လည်ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားကနေ သိရပါတယ်။
အမှတ်(၁၄၁)အဆန် သာစည်-ရွှေညောင်ရထားကို အပတ်စဉ်သောကြာနေ့ နံနက် ၆ နာရီတွင် သာစည်မှထွက်ခွာ၍ ရွှေညောင်သို့ ညနေ ၅ နာရီတွင်လည်းကောင်း၊ အမှတ် (၁၄၂)အစုန် ရွှေညောင်-သာစည်ရထားကို အပတ်စဉ်တနင်္လာနေ့ နံနက် ၇ နာရီတွင် ရွှေညောင်မှထွက်ခွာ၍ သာစည်သို့ ညနေ ၆ နာရီတွင်လည်းကောင်း ပုံမှန်ပြေးဆွဲပေး မှာဖြစ်ပါတယ်။
ရထားလက်မှတ်ခများမှာ ရိုးရိုးတန်အတွက် ငွေကျပ် ၉၀၀၀ နှုန်းနှင့် အထက်တန်း အတွက် ငွေကျပ် ၁၂၀၀၀ နှုန်း သတ်မှတ်ထားရှိပါတယ်။
ဒါ့အပြင် ပြည်တွင်း/ပြည်ပ ခရီးသွားများ၊ ပုဂ္ဂလိကခရီးသွားအဖွဲ့များနှင့် မိသားစုလေ့လာရေးအဖွဲ့များအနေနဲ့ တောတောင်သဘာဝရှုခင်းများနှင့် ဒေသန္တရဗဟုသုတများ လေ့လာနိုင်ရန် အောင်ပန်း-ကလောနှင့် ကလော-မြင်းဒိုက် သွား/ပြန်ခရီးစဉ်များအတွက် ခရီးသည် ၁၅ ဦး လိုက်ပါစီးနင်းနိုင်သည့် စင်းလုံးငှား RGC ရထားတွေကိုလည်း စီစဉ် ထားရှိပါတယ်။
စင်းလုံးငှား RGC ရထား ခရီးစဉ်သွား/ပြန်တစ်ခုအတွက် ငွေကျပ် ၁၂၀,၀၀၀ ကျသင့်မှာဖြစ်ပြီး ဇန်နဝါရီလ ၂၄ ရက်မှစတင်၍ ငှားရမ်းစီးနင်းနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews