ကုန်ပစ္စည်းတင်သွင်း/တင်ပို့မှုများအပေါ် အခွန်စည်းကြပ်သည့် အမေရိကန်ဒေါ်လာဈေးနှုန်းများ ပြောင်းလဲမည်

(စီးပွားရေး) ဒီဇင်ဘာ ၂၈

ကုန်ပစ္စည်းတင်သွင်း/တင်ပို့မှုများအပေါ် စည်းကြပ်ကောက်ခံလျက်ရှိသည့် အမေရိကန်တစ်ဒေါ်လာနှုန်းထားကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစတင်၍ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ၏ ကြေညာချက်အမှတ်(၀၀၇/၂၀၂၄)အရ သိရပါတယ်။

အဆိုပါကြေညာချက်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာ အမှတ် (၉၀/၂၀၂၄)အရ အကောက်ခွန်ဦးစီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစ၍ တင်သွင်း၊ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် မြန်မာနိုင်ငံဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်လျက်ရှိသည့် ရည်ညွှန်းငွေလဲလှယ်နှုန်း(Reference Rate)ကို အခြေခံကာ အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း(Weekly Exchange Rate)ဖြင့် အခွန်စည်းကြပ်ကောက်ခံလျက် ရှိရာမှ ရည်ညွှန်းငွေလဲလှယ်နှုန်း(Reference Rate)အစား ဈေးကွက်ငွေလဲလှယ်နှုန်း(Market Trading Rate)ကို အခြေခံသည့် အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း(Weekly Exchange Rate)ဖြင့် ပြောင်းလဲ၍ အခွန်စည်းကြပ် ကောက်ခံ မည်ဖြစ်ကြောင်းကို ဒီဇင်ဘာလ ၂၇ ရက်မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။

အခွန်စည်းကြပ်ကောက်ခံရာတွင် အသုံးပြုမည့် ဈေးကွက်ငွေလဲလှယ်နှုန်း(Market Trading Rate) ကို အခြေခံ၍ အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း(Weekly Exchange Rate)များအား အကောက်ခွန်ဦးစီးဌာန၏ Website နှင့် Facebook Page တို့တွင် အပတ်စဉ်ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၄ ရက်အထိ အမေရိကန်တစ်ဒေါ်လာ‌ကို ငွေကျပ် ၃၅၈၆ ဒသမ ၈ ကျပ်အဖြစ် အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲတွင် ဖော်ပြထားရှိပါတယ်။

#PAN