(နိုင်ငံတကာ) ဒီဇင်ဘာ ၂၈

ကမ္ဘာ့အရန်ငွေကြေးဈေးကွက်အတွင်း နိုင်ငံများစွာက စွဲကိုင်အသုံးပြုနေသော အမေရိကန်ဒေါ်လာ၏ ပါဝင်မှု ပမာဏမှာ နှစ်ပေါင်း ၃၉ နီးပါးအတွင်း အနိမ့်ဆုံးသို့ ကျဆင်းလာသည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုနှစ်၏ ဇူလိုင်လမှ စက်တင်ဘာလအထိ ကာလအတွင်း ကမ္ဘာ့အရန်ငွေကြေးဈေးကွက်၌ အမေရိကန်ဒေါ်လာ ပါဝင်မှုပမာဏမှာ သုည ဒသမ ၈၅ ရာခိုင်နှုန်းကျဆင်းပြီး ထိုသို့ကျဆင်းမှုသည် ၁၉၉၅ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး ဖြစ်ကြောင်း IMF ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
လက်ရှိတွင် ကမ္ဘာ့အရန်ငွေကြေးဈေးကွက်၌ အမေရိကန်ဒေါ်လာ၏ပါဝင်မှု ပမာဏက ၅၇ ဒသမ ၄ ရာခိုင်နှုန်း ရှိနေသည်ဟု IMF ၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြ
ထားသည်။
အမေရိကန်ဒေါ်လာကို ကမ္ဘာ့အရန်ငွေကြေးအဖြစ် အသုံးပြုမှုက အကျဘက်သို့ဦးတည်နေသည့်တိုင် လက်ရှိအချိန်အထိ လူသုံးအများဆုံးငွေကြေးအဖြစ် ရပ်တည်နေဆဲ ဖြစ်ကြောင်း IMF ကပြောသည်။
တစ်ချိန်တည်းမှာပင် ယူရိုငွေကြေးကို ကမ္ဘာ့အရန်ငွေကြေးအဖြစ် စုဆောင်းအသုံးပြုမှုသည် ဒုတိယသုံးလပတ် အတွင်း ၁၉ ဒသမ ၇၅ ရာခိုင်နှုန်းရှိရာမှ တတိယသုံးလပတ် အတွင်း ၂၀ ဒသမ ၀၂ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဂျပန်ယန်းမှာ တတိယသုံးလပတ်အတွင်း ၅ ဒသမ ၈၂ ရာခိုင်နှုန်းသို့လည်းကောင်း၊ တရုတ်ယွမ်မှာ ၂ ဒသမ ၁၇ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးမြင့်တက်လာသည်ဟု သိရသည်။
Telegram»…
https://t.me/positiveanglenews