ပူတာအိုကိုရိက္ခာပို့တဲ့ကာတွေ မူလာရှီးဒီကိုရောက်ပြီ

(ပြည်တွင်း) ဇွန် ၁၀

၃ လ နီးပါးကြာ သွားလာခွင့် ပိတ်ပင်ထားခဲ့၍ ပူတာအိုခရိုင်အတွင်း ကုန်ပစ္စည်းဈေးနှုန်းများ အဆမတန် မြင့်တက်မှုများရှိခဲ့သည့်အပြင် အခြေခံစားသောက်ကုန် ပြတ်လပ်မှုများ ရှိနေပြီး၊ စက်သုံးဆီများမှာလည်းအလားတူ ပြတ်လပ်နေသဖြင့် မြစ်ကြီးနားမြို့မှ ပူတာအိုမြို့ကို ကုစည်တင်ကားများစတင်သွားလာခွင့်ရရှိကြောင်း သိရသည်။

အဆိုပါကုန်စည်တင်ကားများမှာ မြစ်ကြီးနားမြို့မှ ပူတာအိုမြို့သို့ ဇွန်လ ၈ ရက်နေ့ မွန်းလွဲပိုင်းက နှစ်ဖက်ခွင့်ပြုချက်ဖြင့် ထွက်ခွာခဲ့သော မော်​တော်ယာဥ်၁၄စီးအနက် မော်တော်ယာဥ်အချို့သည် ယနေ့ ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ပူတာအိုမြို့၊မူလာရှီးဒီသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

“ပူတာအိုကို ကုန်စည်ကား ၁၄ စီး သွားဖို့က ကားကြီး ၃ စီးကပျက်သွားတယ် ၁၁ စီးပဲတက်သွားတာပေါ့ တစ်ချို့ မူလာရှီဒီကိုရောက်ပြီ ကျန်တာတွေလည်း ရောက်တော့မယ်” ဟု တာဝန်ရှိသူများထံမှသိရသည်။

“ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ပေါင်းစပ်ညှိုနှိုင်းပေးမှုကြောင့် မြစ်ကြီးနားကနေ ပူတာအိုကို ကုန်စည်ကားများ သွားလာခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ ကုန်စည်ကား ၁၄ စီးအနက် ၁၁ စီးသာ ပူတာအိုသို့ ထွက်ခွာခဲ့ရတယ်” ဟု ပုဂ္ဂလိကယာဉ်များ ကြီးကြပ်ရေးအသင်းက တာဝန်ရှိသူတစ်ဦးမှပြောသည်။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းကနေစ၍ တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့၍  ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း နှစ်ဖက် အဖွဲ့အစည်း စစ်ရေးပြင်းထန်ခဲ့၍ မြစ်ကြီးနား-ပူတာအို အတက်အဆင်း ပြုလုပ်သည့် ကားများအားလုံး ရပ်နားခဲ့ရသည်မှ သုံးလနီးပါး ကြာမြင့်ခဲ့ကြောင်းသိရသည်။

#PAN