ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ် သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြား တံတားအမှတ်(၇၈) မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ရထားခရီးစဉ်များ ကြန့်ကြာမှုဖြစ်


(ပြည်တွင်း) မေ ၂၁

၂၀.၅.၂၀၂၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်း၊ သထုံမြို့နယ်၊ သိမ်ဆိပ်နှင့်ဒုံဝန်းဘူတာအကြား၊ မိုင်တိုင်အမှတ်၊ ၁၂၄/၁၄-၁၃ ရှိ တံတားအမှတ်-၇၈ ပေ ၆၀ အောက်ခံသံဘောင်တံတားအား အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

မိုင်းဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသ တာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ ဝင်များက ၂၁.၅.၂၀၂၄ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်တွင် ရောက်ရှိလာပြီး နယ်မြေရှင်းလင်း စစ်ဆေးခဲ့ရာ တံတားမရောက်မီ ရန်ကုန်ဘက်ခြမ်းပေ(၁၀၀၀)အကွာ ကားလမ်းကူးနေရာတွင် ပလတ်စတစ်အိတ်အမည်း ရောင်ဖြင့် ထုတ်ထားပြီး ဝါယာကြိုးသွယ်တန်းထားသည့် ရှေ့ထွက် ကြီးကြပ်မိုင်း (၁)လုံးအား တွေ့ရှိရ၍ သက်မဲ့ပြုလုပ်ဖယ် ရှားရှင်းလင်းနိုင်ခဲ့ကြောင်း၊ တံတားပေါ် တွင် (၄)နေရာ၌ မိုင်းပေါက်ကွဲမှု ဖြစ်ပွားထားကြောင်း၊ (၁)နေရာစီတွင် သံလမ်းဘယ်/ညာ(၁)ပေ ခန့်စီ ပြတ်တောက်ပျက်စီးနေကြောင်း သိရှိရပါသည်။ ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် သိမ်ဆိပ် – ဒုံဝန်း ရထားလမ်းပိုင်းအား ခေတ္တပိတ်၍ လမ်းပိုင်းအချိန်မီ ပြန်လည် ဖွင့်လှစ်နိုင်ရေး မြန်မာ့ မီးရထား တာဝန်ရှိသူများက ပြုပြင်ဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၁၀ နာရီ ၁၄ မိနစ်တွင် လမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

အဆိုပါ မိုင်းဖြစ်စဉ်ကြောင့် ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ရန်ကုန်ဘူတာကြီးမှ စတင် ထွက်ခွာမည့် အမှတ်(၈၁)အဆန် ရန်ကုန်-မော်လမြိုင် လူစီးရထားအား နံနက် ၈ နာရီ အချိန်မှ စတင်စေလွှတ်နိုင်ခဲ့သဖြင့် ပုံမှန်ထွက်ခွာချိန်ထက် ၁ နာရီ ၃၀ မိနစ်ကြန့်ကြာစေခဲ့ပါသည်။ အမှတ် (၈၂)အစုန် မော်လမြိုင်-ရန်ကုန်လူစီးရထားသည် မော်လမြိုင်ဘူတာမှ အချိန်မှန် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ထွက်ခွာနိုင်ခဲ့ပါသည်။ သထုံဘူတာမှ ယနေ့ နံနက် ၆ နာရီတွင် ထွက်ခွာရန် အသင့်ရှိနေသော အမှတ်(၆၈၆) အစုန်ကုန်ရထားအား ခေတ္တစောင့်ဆိုင်းစေခဲ့ရပြီး လမ်းပိုင်း ပြန်လည်ဖွင့်လှစ်သည့် အချိန်မှသာ စေလွှတ်နိုင်ခဲ့ပါသည်။

အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၂၀၅)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းခွဲ ဖျက်ဆီးခြင်း (၁၆၃) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၄၂)ကြိမ် ကျူးလွန်ခဲ့ကြပါသည်။

နိုင်ငံတော် အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင် ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အဦများ ပိုမိုတိုးတက် ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက်အလေးထား စီမံဆောင်ရွက် ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင် ရထားစက်ခေါင်းနှင့် တွဲများ၊ ရထား လမ်းနှင့် တံတားများ၊ ခရီးသည်များနှင့်ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီး ခရီးသွားပြည်သူများအနေဖြင့် ရထားဖြင့် ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ် ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှု မရှိစေရေးအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ ယုတ်မာ ပက်စက်စွာဖြင့် အကြိမ်ကြိမ် ကျူးလွန်ဖျက်ဆီးနေကြခြင်းအပေါ် ဒေသခံများနှင့် ပြည်သူ တစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုံ့ချလျက်ရှိကြောင်း သတင်းရရှိပါသည်။

မြန်မာ့မီးရထား

Telegram>>…
https://t.me/positiveanglenews

PAN