
(နိုင်ငံတကာ) ဩဂုတ် ၂၄
အင်ဒိုနီးရှားလေတပ်တွင် ရုရှားနိုင်ငံထုတ် Sukhoi တိုက်လေယာဉ်များ၏ တပ်စုတစ်စုကို တောင်ဆူလာဝေစီပြည်နယ်၊ မကာဆာမြို့ရှိ Hasanuddin လေတပ်စခန်း၌ အပြည့်အဝ ဖြည့်တင်းထားရှိလိုက်ပြီဖြစ်ကြောင်း သိရသည်။
Sukhoi SU-30MK2 တိုက်လေယာဉ်သစ် ၆ စင်း ရောက်ရှိလာပြီး ယခင်က ရှိနှင့်ပြီးဖြစ်သော တိုက်လေယာဉ် ၁၀ စင်းနှင့် ပေါင်းစပ်လိုက်ခြင်းဖြင့် တပ်စုမှာ အပြည့်အဝဖြစ်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်လေယာဉ်များကို မကာဆာမြို့ရှိ Hasanuddin လေတပ်စခန်းမှ အမှတ် ၁၁ လေတပ်တပ်စုတွင် တပ်စွဲထားကြောင်း ရုရှားအစိုးရကိုယ်စားပြု JSC Rosoboronexport က အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဌာနထံ လေယာဉ်များကို တရားဝင်လွှဲပြောင်းပေးသည့် အခမ်းအနားတွင် အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး Purnomo Yusgiantoro က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
ဝန်ကြီး Purnomo က ယခုတပ်စုဖွဲ့စည်းခြင်းသည် ၂၀၁၀-၂၀၁၄ မဟာဗျူဟာစီမံကိန်းအရ အင်ဒိုနီးရှားနိုင်ငံ၏ လေကြောင်းကာကွယ်ရေးစွမ်းရည် မြှင့်တင်ရန် ဆောင်ရွက်သည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
Sukhoi SU-30MK2 နှင့် SU-27SKM တိုက်လေယာဉ်များအားလုံးကို အင်ဒိုနီးရှားအစိုးရက ၂၀၀၇ ခုနှစ် ဇူလိုင်လတွင် ချုပ်ဆိုခဲ့သည့် စာချုပ်အရ မှာယူခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်လေယာဉ်များကို အဆင့်လိုက် ပေးပို့ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် Madiun ရှိ Iswahyudi လေတပ်စခန်းသို့လည်းကောင်း၊ ၂၀၀၉၊ ၂၀၁၀ နှင့် ၂၀၁၃ ခုနှစ်များတွင် Sultan Hasanuddin လေတပ်စခန်းသို့လည်းကောင်း ရောက်ရှိခဲ့ကြောင်း သိရသည်။
အမေရိကန်ဒေါ်လာ ၄၇၀ သန်းဖြင့် ဝယ်ယူခဲ့သည့် တိုက်လေယာဉ် ၆ စင်းကို စာချုပ်ပါ သတ်မှတ်အချိန်ထက် ၉ လစော၍ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇွန်လ ၂၈ ရက်တွင် သတ်မှတ်ထားသည့် အချိန်ဇယားထက် စောစီးစွာ ရောက်ရှိခဲ့ကြောင်း သိရသည်။
တိုက်လေယာဉ် ၆ စင်းကို အပိုပစ္စည်းများနှင့်အတူ အဆင့် ၄ ဆင့်ခွဲ၍ ပေးပို့ခဲ့ပြီး ပထမအဆင့်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ပေးပို့ခဲ့ကာ နောက်ဆုံးအဆင့်ကို ၂၀၁၃ ခုနှစ် စက်တင်ဘာ ၄ ရက်တွင် ပေးပို့ခဲ့သည်။
အဆိုပါတိုက်လေယာဉ်များတွင် ဗုံးများနှင့် လမ်းညွှန်စနစ်ပါ ဒုံးကျည်များ တပ်ဆင်ထားကြောင်း အင်ဒိုနီးရှားလေတပ်ဦးစီးချုပ် Air Marshal Ida Bagus Putu Dunia က ပြောကြားခဲ့ကြောင်း သိရသည်။