တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာနှင့် သေဆုံးလျက်တွေ့ရှိ

(မှုခင်း) သြဂုတ် ၂၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ လိုမာဟိုတယ်အနီးတွင် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာနှင့် သေဆုံးလျက် တွေ့ရကြောင်း သိရသည်။

ဩဂုတ် ၂၃ ရက်ည ၈ နာရီအချိန်ခန့်က တာချီလိတ်မြို့ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့တွင်းရပ်၊ တော်ကော့တွင်း(၄)လမ်းရှိ လိုမာဟိုတယ်အနီးတွင် လူတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာ လုံခြုံရေးနှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဆန်ဆိုင်း(က)ရပ်ကွက်၊ တာချီလိတ်မြို့နေ စိုင်းလှ၊ အသက် ၃၇ နှစ်သည် ဝဲဘက်နားထင် ဖောက်ဝင်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သေဆုံးသူ၏ ရုပ်အလောင်းအနီးတွင် 9mm Luger ကျည်ခွံတစ်ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်တစ်ခုတို့ကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို လူမှုကူညီရေးအသင်း မော်တော်ယာဉ်ဖြင့် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းအဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိိသူများမှ တရားခံဖမ်းဆီးနိုင်ရေးစုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။