လွိုင်လင်မြို့နယ်တွင် ကားတစ်စီး ချောက်အတွင်းထိုးကျ၊ယာဉ်မောင်း သေဆုံး

(မှုခင်း) သြဂုတ် ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ရင်ကွဲတောင်တွင် ယာဉ်တစ်စီး ချောက်အတွင်းထိုးကျခဲ့ရာ ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၃ ရက်၊ ညနေ ၆ နာရီခွဲအချိန်ခန့်က လွိုင်လင်မြို့မှ မိုင်းပွန်-ဟိုပုံး-တောင်ကြီးသွား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၆၅/၁) နှင့် (၁၆၅/၂) ကြားတွင် လွိုင်လင်မြို့ ဘက်မှ မိုင်းပွန်မြို့ဘက်သို့ ယာဉ်မောင်း ကျော်မင်းမင်းအေး မောင်းနှင်လာသည့် Micro Bus အမျိုးအစား အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက် ပေ ၃၀၀ ခန့်အနက်ရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ ကျော်မင်းမင်းအေးမှာ ရရှိဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးတွင် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) များ ရရှိခဲ့၍ လူမှုကူညီရေးအသင်းယာဉ်ဖြင့် လွိုင်လင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၊ ယာဉ်မဆင်မခြင် မောင်းနှင်ခဲ့သူ ယာဉ်မောင်း ကျော်မင်းမင်းအေး (သေဆုံးသူ)အား ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။