
(နိုင်ငံတကာ) ဩဂုတ် ၂၄
မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၏ Bukit Jalil ထိန်းသိမ်းရေးစခန်း တွင် ထိန်းသိမ်းခံထားရပြီး မိမိဆန္ဒအလျောက် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် လျှောက်ထားထားသည့် မြန်မာနိုင်ငံသား ၄၀ ဦးကို ဩဂုတ် ၂၆ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာသံရုံး(ကွာလာလမ်ပူမြို့)က ယနေ့ ဩဂုတ် ၂၄ ရက်တွင် အသိပေးကြေညာထားသည်။
အဆိုပါ မြန်မာနိုင်ငံသား ၄၀ ဦးကို မြန်မာ့အပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) အမှတ်စဉ် 8M 504 ဖြင့် ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ပြီး သက်ဆိုင်သူများ၏ မိသားစုဝင်များ သိရှိနိုင်ရန် ပြန်လည်ပို့ဆောင်မည့်သူများ၏ စာရင်းကိုလည်း ထုတ်ပြန်ဖော်ပြထားကြောင်း သိရသည်။
မြန်မာသံရုံးက မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ရှိနေသည့် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ တာဝန်ရှိသူများမဟုတ်သည့်သူများက သက်ဆိုင်ရာမိသားစုဝင်များထံ ငွေကြေးလိမ်လည်တောင်းခံမှုများ ရှိနေကြောင်း ကာယကံရှင်များထံမှ ပြန်လည်သိရှိရသည်ဟုလည်း အသိပေးထားသည်။
ထို့ကြောင့် ထိန်းသိမ်းရေးစခန်းများတွင် ရှိနေသည့် မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များနှင့် နီးစပ်ရာအသိုက်အဝန်းများအနေဖြင့် ငွေကြေးလိမ်လည်တောင်းခံမှုများကို သတိပြုဆောင်ရွက်ကြရန် မြန်မာသံရုံး(ကွာလာလမ်ပူမြို့)က အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
MAI 8M 504 သည် ကွာလာလမ်ပူ–ရန်ကုန် ခရီးစဉ်အဖြစ် ပြေးဆွဲသည့် လေကြောင်းခရီးစဉ်ဖြစ်ကြောင်းလည်း လေကြောင်းခရီးစဉ်မှတ်တမ်းများတွင် တွေ့ရသည်။