လှိုင်သာယာမြို့နယ်တွင် အိမ်ရာတစ်ခု တည် ဆောက်ရန် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအားဖိတ်ခေါ်

မေ ၁၅

      အစိုးရ-ပုဂ္ဂလိက ပူးပေါင်းမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ စည်ပင်ပိုင်မြေ ၃ ဧက ကျော်ပေါ်တွင် ၆ ထပ်တိုက် အလုံး ၂၀ တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံလိုသည့် မြန်မာနိုင်ငံသားပိုင် ပြည်တွင်း ကုမ္ပဏီများကို တင်ဒါတင်သွင်းနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဖိတ်ခေါ်လျက်ရှိကြောင်း  ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သိရပါသည်။

      အဆိုပါ စီမံကိန်းများကို လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ၁၉ ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းနှင့် ကျန်စစ် သားလမ်းကြား၊ ပေါင်း ကူးလမ်းရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲခွင့်ရှိသည့် အစိုးရနဲ့ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုပုံစံဖြင့် မြေဧရိယာ ၃  ဒသမ ၅၀၈ ဧကမှာ ဆောက်လုပ်သွားမှာဖြစ်သည်။

       ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် တည် ဆောက်မည့် စီမံကိန်းအရ ၄ ခန်းတွဲ ၆ ထပ်တိုက် RC အဆောက်အဦအမျိုးအစား အလုံး ၂၀ ဆောက်လုပ်သွားမှာဖြစ်သည်ဟု သိရပါသည်။ ၎င်းစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက် လိုသည့် မြန်မာနိုင်ငံသားပိုင် ပြည်တွင်းကုမ္ပဏီများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့တွင် မှတ်ပုံတင်ပြီး တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားခြင်းဖြစ်ပါသည်။

       တင်ဒါလျှောက်လွှာများကို မေလ ၂၀ ရက်မှ ဇွန် လ ၁၄ ရက်အထိ  ဗိုလ်တစ်ထောင်မြို့နယ်၊ ကုန်သည်လမ်း၊ အမှတ်(၃၉၉)၊ အင်ဂျင်နီယာဌာန(အဆောက် အအုံ)၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီတွင် ရောင်းချပေး သွားမှာဖြစ်ပြီး တင်ဒါတင်သွင်းရမည့် နောက်ဆုံးရက်မှာ ဇွန်လ ၂၁ ရက်ဖြစ်သည်။ မြေ ပြင်အခြေအနေအား သိရှိ လိုပါက အင်ဂျင်နီယာဌာန (အဆောက် အအုံ)သို့ ဆက်သွယ်မေးမြန်းကာ ရုံးချိန်အတွင်း သွားရောက်ကြည့်ရှုနိုင်သည်ဟု သိရပါသည်။

#PAN