“ရန်ကင်းမြို့နယ်၊ ခုတင်(၅၀၀)ဆံ့ ကလေးဆေးရုံကြီး မွေးရာပါနှလုံးရောဂါ ကလေးလူနာများကို ခွဲစိတ်စရာ မလိုဘဲ အောင်မြင်စွာကုသပေးနိုင်ခဲ့”


(ပြည်တွင်း) မေ ၁၀
ဂျပန်နိုင်ငံ Showa University Hospital Tokyo Prof.Hideshi Tomita နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်း မြို့နယ်ရှိ ခုတင်(၅၀၀)ဆံ့ ကလေးဆေးရုံကြီးမှာ ပါမောက္ခ ဒေါက်တာခင်မောင်ဦး(ကလေးနှလုံးအထူးကု) ဦးဆောင် ပြီး ကလေးနှလုံးအထူးကု ဆရာဝန်ကြီးများနဲ့ ပူးပေါင်းကာ မွေးရာပါနှလုံးရောဂါ ကလေးလူနာ ၁၆ ဦးကို ခွဲစိတ်စရာ မလိုဘဲ အောင်မြင်စွာ ကုသပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဂျပန်နိုင်ငံ Showa University Hospital Tokyo Prof.Hideshi Tomita နှင့် ခုတင် (၅၀၀)ဆံ့ ကလေးဆေးရုံကြီး(ရန်ကင်း)မှ ပါမောက္ခ ဒေါက်တာခင်မောင်ဦး ဦးဆောင်ကာ ကလေး နှလုံးအထူးကု ဆရာဝန်များနှင့်ပူးပေါင်း၍ ရန်ကင်းကလေးဆေးရုံကြီးရှိ နှလုံးဆေးကုသဆောင်မှာ ဒုတိယအကြိမ် နှလုံးကုသခြင်းကို မွေးရာပါနှလုံးရောဂါ ကလေးလူနာများအား နှလုံးပိုက်သွင်းစမ်းသပ်ကုသမှုဖြင့် အတွေ့အကြုံ များကို နှစ်ဖက်ဖလှယ်ကာ ကုသပေးခဲ့ပါတယ်။
အဆိုပါကုသပေးရာမှာ မွေးရာပါနှလုံးရောဂါ ကလေးလူနာများကို ခွဲစိတ်ရန်မလိုဘဲ နှလုံးပိုက်သွင်း စမ်းသပ် ကုသစက်(Cardiac Catheterization Laboratory) မှာ အဆို့ (Device)နဲ့ ပိတ်၍ကုသခြင်း၊ ဘောလုံး (Balloon)နဲ့ ချဲ့ကာ ကုသခြင်းများကို မြန်မာဆရာဝန်များနှင့်အတူ မေလ ၆ ရက်မှ ၇ ရက်အထိ ကလေးလူနာ စုစုပေါင်း ၁၆ ဦးကို ကုသပေးနိုင်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်ကမှာလည်း ဂျပန်နိုင်ငံ Showa University Hospital Tokyo Pro. Hideshi Tomita၊ ကလေးနှလုံးအထူးကုဆရာဝန် Dr.hisashi Sugiyama နှင့် ပါမောက္ခ ဒေါက်တာ ခင်မောင်ဦး ဦးဆောင်သော ကလေးနှလုံးအထူးကု ဆရာဝန်များ ပူးပေါင်းပြီး မွေးရာပါနှလုံးရောဂါ ကလေးလူနာ ၁၄ ဦးကို ပထမ အကြိမ်အဖြစ် အောင်မြင်စွာ ကုသပေးနိုင်ခဲ့တယ်လိုလည်း သိရပါတယ်။

#PAN