“စားသောက်ကုန်မှတ်တမ်းတင်ခြင်း (Food Product Notification)ကို စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှ အသိပေး”


(ပြည်တွင်း)မေ ၁၀
ဈေးကွက်အတွင်းရှိ အသင့်ထုပ်ပိုးထားသော အစားအသောက်များအားလုံးကို စားသုံးသူပြည်သူအများ ယုံကြည်စိတ်ချစွာစစ်ဆေးပြီး ရွေးချယ်ဝယ်ယူစားသုံးနိုင်ရန် စားသောက်ကုန်များ၏ အမှတ်တံဆိပ်များပေါ်တွင် စားသောက်ကုန်သတ်မှတ်နံပါတ် (Food Product Code)များကို ဖော်ပြနိုင်ရန်အတွက် စားသောက်ကုန်မှတ်တမ်း တင်ခြင်း (Food Product Notification) လျှောက်ထားရာတွင် FDA Website ၏ e-Submission System, Food product notification မှတစ်ဆင့် e-Payment(Electronic Payment) ငွေကျပ် ၁၀,၀၀ဝ ဖြင့် ဝင်ရောက် လျှောက်ထားနိုင်ကြောင်း မေလ ၉ ရက်မှ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားထုတ်ပြန်ထားပါတယ်။
Food Product Notification လျှောက်ထားစေခြင်းအားဖြင့် တိုက်ဆိုင်စစ်ဆေးနိုင်မည့် စားသောက်ကုန် သတ်မှတ်နံပါတ် (Food Product Code)တစ်ခု သတ်သတ်မှတ်မှတ်ရရှိသွားမှာဖြစ်သလို အဆိုပါသတ်မှတ်နံပါတ်ကို စားသောက်ကုန်အမှတ်တံဆိပ်ပေါ်တွင် ဖော်ပြခြင်းဖြင့် စားသောက်သူများအနေဖြင့် အစားအသောက်အခြေအနေကို စိစစ်သိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းတဲ့ အစားအသောက်များကို ရွေးချယ်ဝယ်ယူစားသုံးနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ စားသောက်ကုန်သတ်မှတ်နံပါတ် (Food Product Code)ပါရှိတဲ့အတွက် မိမိထုတ်ကုန်ကို စားသုံးသူမှ သိရှိလွယ်ပြီး မှန်ကန်စွာရွေးချယ်ဝယ်ယူနိုင်ခြင်း၊ ထုတ်ကုန်ဂုဏ်သတင်းမြှင့်တင်နိုင်ခြင်း (Business Opportunity)နှင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်သောအခါ ပိုမိုအဆင်ပြေချောမွေ့လွယ်ကူစေခြင်း၊ အဆင့်ဆင့်သော အစား အသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီများအနေနဲ့ အသင့်ထုပ်ပိုးရောင်းချနေသော အစားအသောက် များ၏ ဘေးအန္တရာယ်ဖြစ်မှုကို နောက်ကြောင်းပြန်ခြေရာခံ(Traceability)နိုင်ခြင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော အစားအသောက်များ၏ ဘေးအန္တရာယ်ဖြစ်နိုင်ခြေ (Risk)ရှိလျှင်လည်း လျင်မြန်စွာ အရေးယူဆောင်ရွက်နိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
စားသောက်ကုန်မှတ်တမ်းတင်ခြင်းစနစ် (Food Product Notification System)ကို ပညာပေးကာလတွင် ဆန္ဒအလျောက် လျှောက်ထားဆောင်ရွက်ပေးမှာဖြစ်သော်လည်း ပညာပေးကာလပြီးဆုံးပြီးနောက် ပြုပြင်တည့်မတ် ကာလသတ်မှတ်ပြီး “အသင့်ထုပ်ပိုးထားသော အစားအသောက်များ အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာအမိန့်”ဖြင့် ချိတ်ဆက်ကာ ဥပဒေနှင့်အညီ အရေးယူမှုများ ပြုလုပ်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

#PAN