ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အသေးစားဆီကြိတ်စက်များအား ဆီထွက်သီးနှံအထူးဇုန်ရှိ တောင်သူများထံ ထောက်ပံ့ပေးအပ်

(ပြည်တွင်း) ဧပြီ ၃၀

MSME အထောက်အကူပြုတောင်သူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကော်ဖီစေ့လှော်စက်နှင့် အသေးစားဆီကြိတ်စက်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကော်ဖီစေ့လှော်စက်နှင့် အသေးစားဆီကြိတ်စက်ပေးအပ်ပွဲ ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ပြည်နယ်စိုက်ပျိုးရေးရုံးအစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆီထွက်သီးနှံအထူးဇုန်တွင်ပါဝင်သော တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ပင်းတယမြို့နယ်၊ ရပ်စောက်မြို့နယ်မှ တောင်သူများအား အသေးစားဆီကြိတ်စက်များကို ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆီထွက်သီးနှံအထူးဇုန်အနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် တောင်ကြီး၊ ညောင်ရွှေ၊ ပင်းတယမြို့နယ်များတွင် မြေပဲနှင့်နေကြာသီးနှံကို (၂၁၂၂၉)ဧက ဆောင်ရွက်သွားမှာဖြစ်ပြီး ထွက်ရှိလာသော သီးနှံများ ဆီကြိတ်ခွဲရာတွင် အရည်အသွေးကောင်းမွန်စေရန်အတွက် အသေးစားဆီကြိတ်စက်များပေးအပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်၏ လယ်ယာကဏ္ဍစိုက်ပျိုးထုတ်လုပ်မှုတွင် အဓိကသီးနှံ(၁၀)မျိုးဖြစ်သည့် မိုးစပါး (၁၂၅၈၅၇၄)ဧက၊ အစေ့ထုတ်ပြောင်း (၁၀၁၈၁၀၄)ဧက၊ မြေပဲ (၁၂၀၈၅၆)ဧက၊ နှမ်း (၃၉၇၄၄)ဧက၊ နေကြာ (၃၆၅၃၉)ဧက၊ ပဲတီစိမ်း(၁၁၈၅၆)ဧက၊ မတ်ပဲ(၆၈၅)ဧက၊ ပဲစဥ်းငုံ(၄၉၃၇၁)ဧက၊ ဝါ(၄၅၀)ဧက၊ ကြံ(၁၇၁၄၃၁)ဧက စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပြီး ရှမ်းပြည်နယ်တွင် ဆီဖူလုံမှုအနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်မှာ (၇၅.၄၅)%၊ ၂၀၂၃-၂၀၂၄ခုနှစ်မှာ (၇၆.၁၂)% ရှိသကဲသို့ ဆီဖူလုံမှုတိုးတက်လာသော်လည်း ရာနှုန်းပြည့်ဖူလုံပြီး ပိုလျှံသောစားသုံးဆီများကို အခြားဒေသသို့ ပြန်လည်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်၏ ဆီထွက်သီးနှံစိုက်ပျိုးမှုအနေဖြင့် ဆီထွက်သီးနှံအမယ်(၆)မျိုး(မြေပဲ၊ နေကြာ၊ နှမ်း၊ ပန်းနှမ်း၊ ဆီမုံလာ၊ ဆီမုံညင်း)ကို စိုက်ပျိုးလျက်ရှိပြီး ဧရိယာဧကအားဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်မှ ဧက(၄၁၆၆၁၇)သိန်းခန့် စိုက်ပျိုးခဲ့ကြောင်း စာရင်းဇယားများအရ သိရှိရသည်။

#PAN