မြစ်ကြီးနားမြို့ အကျဉ်းထောင်တွင် ဆူပူအကြမ်းဖက်မှု ၄ ဦးသေဆုံးဟုထုတ်ပြန်

(ပြည်တွင်း) ဧပြီ ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အကျဉ်းထောင်အတွင်းရှိ ဆူပူမှုဖြစ်ပွားပြီး အကျဉ်းသား ၄ ဦးသေဆုံးကာ အကျဉ်းသား ၈ ဦး ဒဏ်ရာရရှိကြောင်း အစိုးရမှ ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အကျဉ်းထောင်အတွင်းရှိ အမျိုးသားအပြစ်ကျဆောင် (၆) နှင့် (၇) တို့၌ ဧပြီ ၁၈ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့်ပတ်သက်၍ တရားမျှတမှုမရှိဟုဆိုကာ အကျဉ်းသားများ ဆူပူသောင်းကျန်းနေသဖြင့် အကျဉ်းဦးစီးဌာနဝန်ထမ်းများက မိမိအခန်းများသို့ အသာတကြည်ပြန်လည်ဝင်ရောက်ရန် ဖျောင်းဖျပြောဆိုခဲ့သော်လည်း လိုက်နာမှုမရှိဘဲ ဆက်လက်အော်ဟစ်ဆဲဆိုဆူပူမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် ဆူပူသောင်းကျန်းသည့် အကျဉ်းသားများသည် ၎င်းတို့၏အိပ်ဆောင်များရှိ ဝန်းတံခါးများကိုဖျက်ဆီးခြင်း၊ CCTV များအား ဖျက်ဆီးခြင်း၊ အကျဉ်းထောင်အတွင်းရှိ စည်းကမ်းထိန်းရုံးသို့ သွားရောက်ရန်မူရန်ကြိုးစားလာကြပြီး ဖျက်ဆီးမှုများကို အရှိန်မြှင့်ဆောင်ရွက်လာကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ဆူပူအကြမ်းဖက်ဖြစ်စဉ်များကြောင့် အခြေအနေကိုထိန်းသိမ်းဆောင် ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အဆိုပါအကျဉ်းထောင်ပတ်လည်၌ လုံခြုံရေးဆောင်ရွက်ထားရှိပြီး ဆူပူသောင်းကျန်းနေသူများအား အကျဉ်းဦးစီးဌာနဝန်ထမ်းများက လူစုခွဲရန် ထပ်မံပြောကြားဖျောင်းဖျခဲ့သော်လည်း လိုက်နာမှုမရှိဘဲ အိပ်ဆောင်ကွပ်ပျစ်များအား ရိုက်ချိုးထားသည့် သစ်သားချောင်းများ၊ အုတ်နီခဲများ၊ အင်္ဂတေခဲကျိုးများဖြင့် အကျဉ်းဦးစီးဌာနဝန်ထမ်းများအား ရန်မူတိုက်ခိုက်လာကြသဖြင့် ဆက်လက်ဖျောင်းဖျရန် အခြေအနေမရှိတော့ဘဲ အကျဉ်းဦးစီးဌာနဝန်ထမ်းများက အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်ပြီး တုတ်ဒိုင်းများအသုံးပြုနှိမ်နင်း ထိန်းသိမ်းခဲ့မှုကြောင့် ညနေ ၅ နာရီခန့်တွင် အခြေအနေအား ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်အရ အကျဉ်းသား ၄ ဦးသေဆုံးကာ အကျဉ်းသား ၈ ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသည့် အကျဉ်းသားများအား မြစ်ကြီးနားမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့်ဖြစ်စဉ်ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်စိစစ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#PAN