အစ္စရေး၏ ပစ်ခတ်မှုကြောင့် လက်ဘနွန်တွင် နှစ်ဦးသေဆုံး၊ အပစ်အခတ်ရပ်စဲရေး ‘ချိုးဖောက်မှု’ အပေါ် ဟစ်ဇ်ဘိုလာက ပြင်းထန်စွာ ဝေဖန်             

(နိုင်ငံတကာ) ဇွန် ၂၄      

  အမေရိကန်ပြည်ထောင်စုက ကြားဝင်စေ့စပ်ပေးထားသဖြင့် နှစ်ရက်မျှသာ ယာယီငြိမ်သက်ခဲ့သည့် လေဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်တပ်၏ ပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရရှိသွားခဲ့ရာ နုနယ်လှသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ပြိုပျက်လုနီးပါး ခြိမ်းခြောက်ခြင်း ခံနေရသည်။                      

      လက်ဘနွန်အမျိုးသားသတင်းအေဂျင်စီ(NNA)၏ ထုတ်ပြန်ချက်အရ နာဘာတီးယား (Nabatieh) မြို့အနီးတွင် လမ်းပိတ်ဆို့မှုများ ဖယ်ရှားနေသည့် မြေတူးစက်အနီး၌ ရပ်နေသော အမျိုး သားနှစ်ဦးကို အစ္စရေးစစ်သားများက စက်သေနတ်များဖြင့် ဗြောင်ကျကျ လှမ်းမိုးပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                     

  ယခုတိုက်ခိုက်မှုကို ဟစ်ဇ်ဘိုလာ (Hezbollah) လက်နက် ကိုင်အဖွဲ့က “သစ္စာဖောက် တိုက်ခိုက်မှု” ဟု အပြင်းအထန် ရှုတ်ချလိုက်ပြီး အပစ်ရပ်မှုကို ဗြောင်ကျကျ ချိုးဖောက်ခြင်း ဖြစ် ကြောင်း ကြေညာခဲ့သည်။ ဟစ်ဇ်ဘိုလာ နိုင်ငံရေးကောင်စီ၏ ဒုတိယအကြီးအကဲ မာမုဒ် ကာမာတီ (Mahmoud Qamati) က “ဟစ်ဇ်ဘိုလာဟာ လက်နက်ပေါ် လက်တင်ပြီး အပြည့်အဝ သတိရှိနေဆဲဖြစ်ကာ အစ္စ ရေးရဲ့ ဘယ်လိုချိုးဖောက်မှုကိုမဆို တန်ပြန်တူညီတဲ့ ပုံစံနဲ့ လက်တုံ့ပြန်ဖို့ အသင့်ပါပဲ၊ စစ်ပွဲမတိုင်ခင် အခြေအနေမျိုးဆီ ပြန်သွားမှာမဟုတ်ဘူး” ဟု ပြင်းထန်စွာ သတိပေးခဲ့သည်။

     သို့သော် အစ္စရေးစစ်တပ်ဘက်ကမူ ၎င်းတို့ ကြေညာထားသည့် “လုံခြုံရေးဇုန်” အတွင်းရှိ စစ်သားများကို တိုက်ရိုက်ခြိမ်း ခြောက်နေသည့် လက်နက်ကိုင်အကြမ်းဖက် သမားများကိုသာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့ပြီး၊ ဝန်ကြီးချုပ် နေတန်ယာဟုကလည်း လေဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်တပ်အနေ ဖြင့် “လွတ်လပ်စွာ လုပ်ဆောင်ပိုင်ခွင့် အပြည့်အဝရှိရမည်” ဟု ဇွတ်တင်းဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

     တစ်ချိန်တည်းမှာပင် ဝါရှင်တန်ဒီစီရှိ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာန၌ အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့် အစ္စ ရေးနှင့် လေဘနွန်အကြား ပဉ္စမအကြိမ်မြောက် အပစ်ရပ်ဆွေး နွေးပွဲအသစ်ကို စတင်ကျင်းပနေပြီး ကြာသပတေးနေ့အထိ ကြာမြင့်မည်ဖြစ်သည်။         

     လက်ဘနွန်သမ္မတ ဂျိုးဇက် အောင် (Joseph Aoun) က မိမိတို့အနေဖြင့် လက်ဘနွန်တောင်ပိုင်းမှ အစ္စရေးကျူးကျော်စစ်တပ် လုံးဝဆုတ်ခွာရေးကလွဲ၍ အခြားမည်သည့်အရာကိုမျှ လက် ခံမည်မဟုတ်ကြောင်း ဆိုထားသော်လည်း၊ အမေရိကန်ဆိုင်ရာ အစ္စရေးသံအမတ်ကြီး ယီချီရယ် လိုက်တာကမူ ဤဆွေးနွေးပွဲသည် ဟစ်ဇ်ဘိုလာကြောင့် “ရထားမှောက်သလို ပျက်စီးမည့်အခြေအနေ” ဖြစ်သည်ဟု ဆိုခဲ့သည်။                  

    နိုင်ငံတကာလေ့လာသူများကမူ အမေရိကန်နှင့် အီရန်အကြား ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိနိုင်ရန်မှာ ယခု အစ္စရေး-လေဘနွန် ဆွေးနွေးပွဲရလဒ်အပေါ် လုံးဝမူတည်နေပြီး ဟစ်ဇ်ဘိုလာ၏ ပါဝင်မှုမရှိဘဲ မည်သည့်အပစ်ရပ်မူဘောင်မျှ အသက်ဝင်လာနိုင်မည်မဟုတ်ကြောင်း သုံးသပ်ထားကြသည်။

Telegram»…
https://t.me/positiveanglenews

#PAN