မူဝါဒများ ချမှတ်ရာတွင် ပြည်သူ့ဆန္ဒနှင့် တစ်ထပ်တည်းဖြစ်စေရန်နှင့် ပြည်သူ့အသံကို မှန်မှန်ကန်ကန် နားထောင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ နိုင်ငံတော်သမ္မတ တိုက်တွန်း         

(ပြည်တွင်း) ဇွန် ၂၄                                 

အစိုးရတစ်ရပ်အနေဖြင့် မိမိ၏ မဟာဗျူဟာမြောက် ရည်မှန်း ချက်ပန်းတိုင်များ အောင်မြင်စေရန်အတွက် မူဝါဒများကို တိကျမှန်ကန်စွာ ရေးဆွဲရမည်ဖြစ်သော်လည်း၊ ပြည်သူလူထု၏ ယုံ ကြည်ကိုးစားမှုကို ရေရှည်ထိန်းသိမ်းထားနိုင်ရေးအတွက် အဆို ပါ လုပ်ငန်းလုပ်ဆောင်ချက်များကို ပြည်သူ့ဆန္ဒနှင့် တစ်ထပ်တည်းဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

    မနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

  အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်သမ္မတက ပြည် ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေ ဖြင့် မိမိတို့သက်ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကောင်း မွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားရန်နှင့် မျှတပြီး ညီညွတ်မျှတသော အုပ်ချုပ်မှုပုံစံကို သေချာစေရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။ ထို့အပြင် ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ ကြုံတွေ့နေရသည့် လုပ်ငန်းခွင်ဆိုင်ရာနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ စိန်ခေါ်မှု အခက်အခဲနှစ်ရပ်လုံးကို တတ်နိုင်သမျှ ဖြေရှင်းပေးရန်နှင့် ပြည်သူများ အေးချမ်းသာယာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ပြည်သူလူထု၏ အခက်အခဲများကို အလေးအနက်ထား ဖြေရှင်းပေးရန် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။                    

နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားရာတွင် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးရာ အပါအဝင် ကဏ္ဍအသီး သီး၌ ပြည်သူတို့၏ လိုအပ်ချက်များနှင့် မျှော်မှန်းချက်များ ကွဲပြားခြားနားမှုရှိသဖြင့် ပြည်သူ့အသံများကို အစဉ် တစိုက် မှန်မှန်ကန်ကန် နားထောင်ခြင်းဖြင့် ပြည်သူ့တောင်းဆို ချက်များနှင့် မူဝါဒလမ်း ညွှန်ချက်များအကြား ဟန်ချက်ညီ ညီ ဆက်စပ်မှုရှိစေရန် ဆောင် ရွက်ဖို့ အရေးကြီးကြောင်း၊ အစိုးရအနေဖြင့် မိမိ၏ ဦးစားပေးလုပ်ငန်းများအပေါ် အခြေခံ၍ မူဝါဒများကို အကောင်အထည် ဖော်ရန် တာဝန်ရှိသော်လည်း၊ ပြည်သူလူထု၏ ဆန္ဒသဘောထားကို လျစ်လျူမရှုရန် လိုအပ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။

     စီးပွားရေးကဏ္ဍနှင့် ပတ်သက်၍လည်း ဇွန်လအစောပိုင်းက သွားရောက်ခဲ့သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံ ခရီးစဉ်များအတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရန် ဆွေးနွေးခဲ့မှုကို ပြန်လည်ပြောကြားခဲ့ပြီး၊ ပြည်တွင်း၌ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ဦးစားပေးရန်နှင့် လျှပ်စစ်ကဏ္ဍအတွက် အသင့်တော်ဆုံးဖြစ်သည့် နေ ရောင်ခြည်စွမ်းအင်(Solar)သုံး လျှပ် စစ်ထုတ်လုပ်ခြင်းတွင် ပြည်တွင်းလုပ်ငန်းရှင်များကို ဖိတ်ခေါ်ရန်နှင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက် ရုံများ တည်ဆောက်နိုင်ရေး ကြိုးပမ်းရန် ညွှန်ကြားခဲ့သည်။

    အဆိုပါ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ ဒုတိ ယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် နန်းနီနီအေး၊ ပြည် ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဌတို့ လူကိုယ် တိုင် တက်ရောက်ခဲ့ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များကမူ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်၍ မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

#PAN