မှော်ဘီ၊ တိုက်ကြီးဘက်တွင် မြေအရောင်းအဝယ်ပြန်အေးလာ

(ပြည်တွင်း) ဧပြီ ၁၂

မြေစျေးကောင်းနေသော ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်နှင့် တိုက်ကြီးမြို့နယ်ဘက်တွင် အရောင်းအဝယ်ပြန်အေးလာပြီး သင်္ကြန်ကာလအကျော်တွင် စျေးကွက်ပြန်လည်လှုပ်ရှားလာမည်ဟု မျှော်လင့်ထားကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အသိုင်းအဝိုင်းမှ သိရသည်။

ယခင်လများအတွင်းက မှော်ဘီ တိုက်ကြီးရှိ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်များ များစွာဖြစ်ပေါ်ခဲ့သော်လည်း ယခုသင်္ကြန်ကာလ နီးကပ်လာသည့်အချိန်တွင် ဈေးကွက်အေးနေခဲ့ခြင်းဖြစ်ကာ လာမည့်သုံးလအတွင်း စျေးကွက် ပြန်လည်လှုပ်ရှားလာမည်ဟု မျှော်လင့်နေခြင်းလည်း ဖြစ်သည်။

“အရောင်းအဝယ်ကတော့အေးတယ်။ သင်္ကြန်နားနီးတော့ ပြန်တဲ့သူတွေကများတယ်။ သင်္ကြန်ပြီးသွားရင် ဈေးကွက်ကပြန်ကောင်းလာမှာပါ။ ဧပြီ၊ မေ၊ ဇွန်လလောက်ထိတော့ မှန်းထားတယ်။ သကြန်မတိုင်ခင်ကာလတွေက အရောင်းအဝယ် တော်တော်ဖြစ်တယ်။ သင်္ကြန်နားနီးတော့ နည်းနည်းအေးသွားတယ်ပေါ့။ သကြန်ပြီး နောက်သုံးလလောက်တော့ ပြန်ကောင်းမှာပါ” ဟု မှော်ဘီမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တွင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် မှော်ဘီနှင့် တိုက်ကြီးမြို့နယ်အတွင်းရှိ အိမ်၊ ခြံဈေးကွက်များမှာ ပေ ၂၀x၆၀ တစ်ကွက်လျှင် နေရာဒေသပေါ်မူတည်ကာ သိန်း ၃၀၀ မှစပြီး အမြင့်ဆုံး သိန်း ၁၀၀၀ ခန့်အထိ ဈေးပေါက်ကြောင်း သိရသည်။

“မှော်ဘီ တိုးချဲ့ရပ်ကွက် ၁ – ၂ – ၃ – ၄ တွေဆိုရင် ရှစ်ရာ တစ်ထောင်ထိ ပေါက်ပါတယ်။ အနိမ့်ဆုံးမြေကတော့ ကျပ်သိန်း ၃၅၀၊ ၄၀၀ လောက်တော့ပေါက်တယ်။ အဲဒါတွေက လောလောဆယ်တော့ ဈေးငြိမ်နေတယ်” ဟု ၎င်းကဆိုသည်။

#PAN