တရုတ်အာလူးဝင်လာခြင်းကြောင့် အာလူးစျေးကျနေ

(ပြည်တွင်း) ဧပြီ ၁၂

ပြည်တွင်းအာလူးစျေးကွက်အတွင်း အာလူးစျေးကျဆင်းနေပြီး အားလူဈေးနှုန်းများကျဆင်းနေရခြင်းမှာ မြန်မာနိုင်ငံစျေးကွက်အတွင်းသို့ တရုတ်နိုင်ငံဘက်မှ မျက်နီအာလူးများ ဝင်ရောက်လာခြင်း အပါအဝင် မြန်မာနိုင်ငံအတွင်း စိုက်ပျိုးထွက်ရှိသည့် အာလူးများ စျေးကွက်အတွင်း ပေါများလာသောကြောင့် ဖြစ်ကြောင်း သိရသည်။

အကျဘက်သို့ ရောက်ရှိနေသည့် အာလူးစျေးမှာ လာမည့်လပိုင်းတွင်လည်း ယခုအတိုင်း ဆက်လက်ရှိနေနိုင်ကြောင်း အာလူးဈေးကွက်အတွင်းမှ သိရသည်။

“စပေါ်တုန်းကဆို ဆိုက်ကြီးက တစ်ပိဿာ ကျပ် ၂၆၀၀ ကနေ ကျပ် ၂၈၀၀ အထိရောင်းတာ။ အခုအဲဒီ ဆိုက်က ကျပ် ၂၀၀၀ ပဲတန်တယ်။ ကျသွားတာပေါ့ နှစ်ပတ်ကျော်လောက်တော့ရှိပြီ။ ဘာလို့ကျတာလဲဆိုတော့ မန္တလေးဘက်ကလည်း အာလူးတွေရပြီလေ။ မြစ်ကြီးနားဘက်ကရပြီ။ နောက်ပြီး တရုတ်ပြည်ဘက်ကနေ မျက်နီလေ ဈေးချိုတယ်။ အဲဒီဘက်က အာလူးတွေဝင်လာပြီလေ။ နောက်လအထိ သွားမယ်ထင်တယ်” ဟု ဟိုပုန်းမြို့နယ်ရှိ အားလူးရောင်းဝယ်ရေး ဆိုင်တစ်ဆိုင်မှ ဆိုင်ရှင်တစ်ဦးက ပြောသည်။

လက်ရှိ စျေးကွက်တွင် လူစားသုံးမှု အများဆုံး အလုံးအလတ်စား အာလူးတစ်ပိသာလျှင် ပျှမ်းမျှ ကျပ် ၁၈၀၀ ခန့် ရှိနေပြီး ယခင်ကာလများက ကျပ် ၂၆၀၀ အထိ ဈေးပေါက်ခဲ့ကြောင်းလည်း သိရသည်။

“လက်ရှိမှာ အားလူးက စျေးကွက်ထဲမှာ ပစ္စည်းတော်တော်စုံနေပြီ။ ဒါကြောင့် စျေးကျသွားတာပါ။ မြန်မာနိုင်ငံမှာ အားလူး စားတဲ့သူလည်း များတယ်။ ဒါပေမယ့် အချိန်ကာလ တစ်ခုရောက်ရင်တော့ စျေးကောင်းမှာပါ။ ဒီနှစ်မှာတော့ အားလူးက အရောင်းသွက်နေတယ်” ဟု ရန်ကုန်မြို့ရှိ ကုန်စိမ်းဒိုင်တစ်ခုမှ တာဝန်ရှိသူက ပြောသည်။

#PAN