အလှကုန်ပစ္စည်း အမျိုးအစား ၃၀ ကို သုံးစွဲရန်မသင့်ဟု FDA အသိပေး


(နိုင်ငံတကာ)ဧပြီ ၁၁

ဧပြီလ ၁၀ ရက်မှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ပြည်တွင်းမှာ အချိန်ကာလ ကြာမြင့်စွာ အသုံးပြုလာတဲ့ အာချီ(Arche) မိတ်ကပ်အပါအဝင် အလှကုန်ပစ္စည်းအမျိုးအစား ၃၀ ကို သုံးစွဲရန် မသင့်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံများရဲ့ အစီအစဉ်အရ အာဆီယံဒေသတွင်းတွေ့ရှိရသော တားမြစ်ဓာတုပစ္စည်း ပါဝင်တဲ့ အလှကုန်ပစ္စည်း ၃၀ မျိုးကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်တမ်းတင်ထားခြင်း မရှိတဲ့အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများပါဝင်နေတာကြောင့် အများပြည်သူများ သုံးစွဲရန်မသင့်ကြောင်း အသိပေးကြေညာထားပါတယ်။

အဆိုပါ တားမြစ်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို စုပ်ယူကာ ထုံကျဉ်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် အလှကုန်ပစ္စည်းတင်သွင်း ဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီနှင့်လက်လီလက်ကားဆိုင်များဟာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကြေငြာထားတဲ့ အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်အရ လုံးဝမပြု လုပ်ရန် တားမြစ်ထားပါတယ်။

လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲအစည်းက ပြည်သူ့ ကျန်းမာရေးဆိုင်ရာဥပဒေပုဒ်မ ၃ အပိုဒ်(၃)(ဃ)အရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေးကြေညာ ထားပါတယ်။

Telegram Link>>…
https://t.me/positiveanglenews/21599

PAN