UID စာရွက်ပါမှသာ TBP, BP လက်မှတ်များထုတ်ပေး၍ နယ်စပ်ဖြတ်သန်းခွင့်ပြုမည်ဟု လဝက ကြေညာ

(ပြည်တွင်း) ဧပြီ ၄

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနသည် နိုင်ငံအတွင်းနေထိုင်သူများမှ အသက် (၁၀)နှစ်အထက်ရှိသူများကို electronic စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ(Biographic Data) နှင့် ဇီဝအချက်အလက်များ (BiometricData) တို့ကို ကောက်ယူမှတ်ပုံတင်၍ ဂဏန်း (၁၀)လုံးပါရှိသည့် UID (Unique Identity Number)သတ်မှတ်ထုတ်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

ယင်းသို့ Biographic/ Biometric အချက်အလက်များမှတ်ပုံတင်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပေးထားသောအထောက်အထားလက်မှတ်တစ်ခုခုအား တစ်ပါတည်းယူဆောင်လာရန် လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများအနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့ နယ်စပ်ဖြတ်ကျော် ဝင်/ထွက်သွားလာရာတွင် သတ်မှတ်ထားသည့် နယ်စပ်ဝင်/ထွက်ဂိတ်များမှ TBP, BP လက်မှတ်များဖြင့် တရားဝင် ဝင်/ထွက်သွားလာခွင့် ခွင့်ပြုပေးလျက်ရှိကြောင်း ဝလက ၏ကြေညာချက်တွင် ပါရှိသည်။

အဆိုပါ နယ်စပ်ဝင်/ထွက်ဂိတ်များမှ ဝင်/ထွက်ခွင့်ပြုရာတွင် နယ်စပ် အဝင်/အထွက် လူဦးရေစာရင်းဇယား တိကျစွာရရှိနိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအတုများနှင့်အသုံးမပြုသည့်ကတ်များအား အသုံးပြု၍ သွားလာခြင်းများကို ထိန်းချုပ်နိုင်ရေးတို့အတွက် UIDလက်မှတ်ပါမှသာ TBP, BP လက်မှတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း.အဆိုပါအသိပေးကြေညာချက်တွင် ပြောဆိုထားသည်။

သို့ဖြစ်ပါ၍ နယ်စပ်ဝင်/ထွက်ဂိတ်များသို့ TBP, BP လက်မှတ်လာရောက်လျှောက်ထားသူပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ UID စာရွက်ပါ တစ်ပါတည်းယူဆောင်လာကြပါရန်နှင့် ၁-၅-၂၀၂၄ ရက်နေ့မှစတင်ပြီး UID စာရွက်ပါမှသာ TBP, BP လက်မှတ်များထုတ်ပေး၍ နယ်စပ်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပါကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

#PAN