(ပြည်တွင်း) ဧပြီ ၄

“ဘီယာဗိုက်”အမည်ဖြင့် အရှက်သိက္ခာ ကင်းမဲ့စွာ တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့သော အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေနှင့် အခြားသက်ဆိုင်သူများအား ရန်ကုန်မြို့ ဗဟန်းမြို့မရဲစခန်းတွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ – ၃၃(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်ပေါ်တွင် လွှင့်တင်သူများအား ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်လျက်ရှိပြန်ကြားရေးဝန်ကြီးဌာနသည် ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသမှုများကို ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာထားသည်။

ယခုအခါ အချို့သော တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှု ရရှိစေရေးအတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူတကွ ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းဗီဒီယို များကို အရှက်သိက္ခာမဲ့စွာ ရိုက်ကူးထုတ်လွှင့်နေကြသည့်အတွက် သက်ဆိုင်ရာ အစည်းအရုံးများက ထိန်းကျောင်းကြပ်မတ်ပေးပါရန် ပြန်ကြားရေးဝန်ကြီးဌာနက ၁၃-၁-၂၀၂၄ ရက်နေ့တွင် သတိပေး တားမြစ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ဖြန့်ချိ၊ မျှဝေ၊ ပြသ၊ ရောင်းချလျက်ရှိသည့် ဇာတ်လမ်းကား၊ မှတ်တမ်းကား၊ မော်ကွန်းတင်ကား၊ သတင်းကား၊ ဖျော်ဖြေရေးကား သို့မဟုတ် ပညာပေးကားများကိုလည်း ၁၃-၃-၂၀၂၄ ရက်နေ့တွင် အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်၍ စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရျီကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထံမှသိရသည်။
#PAN