စက်သုံးဆီဆိုင်တွေကို အစိုးရကစောင့်ကြည့်နိုင်သလို သုံးစွဲသူတွေကပါ အသုံးပြုလိုရနိုင်မညိ့ Software Application တစ်ခုကို ရေးဆွဲနေ

ဖေဖော်ဝါရီ ၈

ပြည်သူများခရီးသွားလာရာတွင် နီးစပ်ရာစက်သုံးဆီအရောင်းဆိုင်၌ လိုအပ်သော စက်သုံးဆီအမျိုးအစားကို လိုအပ်သည့်အတိုင်း အလွယ်တကူဝယ်ယူနိုင်ရန် မိမိရောက်ရှိ နေသည့်နေရာမှ မိုင် (၃၀) အတွင်းရှိ အရောင်းဆိုင်များကို အလွယ်တကူရှာဖွေနိုင်ပြီး အသင့်ဝယ်ယူနိုင်မည့်အပြင် Monitoring ပြုလုပ်မည့်ဌာနများကလည်း စက်သုံးဆီ အရောင်းဆိုင်များရှိ စက်သုံးဆီအမျိုးအစားအလိုက် လက်ကျန်အခြေအနေများ၊ ရောင်းချသည့် ဈေးနှုန်းများကို ကြည့်ရှု့စစ်ဆေးနိုင်မည့် Software Application တစ်ခုကို ရေးဆွဲလျက်ရှိကြောင်း၊ ယခုဖေဖော်ဝါရီလမှစ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စက်သုံးဆီအရောင်းဆိုင် (၁၀၇) ဆိုင်တွင် Pilot Project အဖြစ် စမ်းသပ်ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်ဟု နစက အဖွဲ့ဝင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးမှ ပြောကြားထားသည်။

ဖေဖော်ဝါရီ ၇ ရက်နေ့ မနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ကျင်းပသည့် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကုန်သွယ်မှုနှင့်ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသွာခြင်းဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်နှင့်အညီ ပြည်တွင်းပြည်ပ ကုန်သွယ်မှုလုပ်ငန်းများ မှန်ကန်မြန်ဆန်အောင် သက်ဆိုင်ရာကဏ္ဍများအလိုက် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပြီး မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူများ၏ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ အထွေထွေလုပ်ငန်းများဆောင်ရွက်ရာတွင် မရှိမဖြစ်လိုအပ်သည့် စက်သုံးဆီကဏ္ဍကို ဦးစားပေးသွင်းကုန်အနေဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ စက်သုံးဆီကို ပြည်သူများ သက်သာသည့် ဈေးနှုန်းနှင့် ဝယ်ယူနိုင်ရန် အမြဲမပြတ်ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဗိုလ်ချုပ်ကြီးမြထွန်းဦးမှပြောသည်။

ပုဂ္ဂလိကစက်မှုကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းနှင့် ဟိုတယ်လုပ်ငန်းများ၊ အစိုးရတင်ဒါလုပ်ငန်းများနှင့် ကျန်လုပ်ငန်းများတွင် လိုအပ်သည့် စက်သုံးဆီများကို လွတ်လပ်စွာတင်သွင်းနိုင်ရေး စီမံဆောင်ရွက်ပေးထားပြီး စက်သုံးဆီ တင်သွင်းလိုသည့် ကုမ္ပဏီအသစ်များကို စနစ်တကျစိစစ်ခွင့်ပြုပေးသွားမည်ဖြစ်သလို စက်သုံးဆီများကို ပြည်သူအများ လုံလောက်စွာအသုံးပြုနိုင်ရေးနှင့်တရား မဝင်စက်သုံး ရောင်းချမှုမရှိစေရေး ဆီများအလေးထားကြပ်မတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းဒေသကြီး / ပြည်နယ်များတွင် တရားမဝင်စက်သုံးဆီ ဖမ်းဆီးရမိမှုမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း (၆၅) မှု၊ စက်သုံးဆီ (၂၉၈ဒသမ၀၅၇)တန်၊ ခန့်မှန်းတန်ဖိုး (၇၃၈ ဒသမ ၃၉၂)ကျပ်သန်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း (၁၄) မှု၊ စက်သုံးဆီ (၇၄ ဒသမ ၂၂၅) တန်၊ ခန့်မှန်းတန်ဖိုး (၁၇၆ ဒသမ ၄၂၉)ကျပ်သန်း ဖြစ်သည်ဟုလည်း ၎င်းမှပြောသည်။

#PAN