ဦးနှောက်အာဟာရပြည့်ဝဖို့ စာပေကဏ္ဍမြှင့်တင်စို့

မွန်မွန်

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး ဖွံ့ဖြိုးတိုးတက်ရန်မှာ စာပေသည် အသည်းနှလုံးဖြစ်သည်။ စာပေသည် လူတို့အား အသိဉာဏ်ပွင့်လင်းစေသည့် ဦးနှောက်အာဟာရကို ဖြစ်စေသည်။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများလုပ်ဆောင်ခြင်းကြောင့် ခန္ဓာကိုယ်ကြွက်သားများ ဖွံ့ဖြိုးတိုးတက်လာသကဲ့သို့ စာအုပ်ဖတ်ခြင်းကြောင့် ဦးနှောက်စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ထို့အပြင် စာဖတ်သူတို့ကို ရသများပေးစွမ်းနိုင်သဖြင့် နှလုံးသားအာဟာရလည်း ဖြစ်စေသည်။

စာပေသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုမျက်နှာစာဖြစ်သကဲ့သို့ နိုင်ငံနှင့် လူမျိုးတိုးတက်ဖွံ့ဖြိုးရေးတွင် အရေးပါလှသည့် ယဉ်ကျေးမှုဆိုင်ရာနယ်ပယ်ကြီးတစ်ခုဖြစ်သည်ကို မြန်မာ့သမိုင်း၏ ဖြစ်ပေါ်တိုးတက်မှုများတွင် အထင်အရှားတွေ့နိုင်ပါသည်။ မြန်မာလူမျိုးနှင့် မြန်မာစာပေသည် ခေတ်အဆက်ဆက်အမျိုးသားရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကိစ္စများတွင် စာပေနှင့် ပြည်သူတို့ အပြန်အလှန် အကျိုးပြုနိုင်ခဲ့သည့် သာဓကများစွာရှိသည်။

မြန်မာနိုင်ငံတွင် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတစ်ခုဖြစ်သော အမျိုးသားယဉ်ကျေးမှု မြန်မာစာပေကို ထိန်းသိမ်းမြှင့်တင် စောင့်ရှောက်ပေးလျက်ရှိသည့် စာဆိုတော်များကို နတ်တော်လဆန်း ၁ ရက် စာဆိုတော်နေ့တွင် ဂုဏ်ပြုပေးလျက်ရှိသည်။ မြန်မာစာပေ မတိမ်ကောမပပျောက်စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ကြသူများကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် မြန်မာစာပေ တည်တံ့ခိုင်မြဲစေရန်နှင့် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်သည်။

ထို့အပြင် စာပေ၏တန်ဖိုးကို မြှင့်တင်သောအားဖြင့် နှစ်စဉ်အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားများကို ကျင်းပခြင်းအပြင် စာတတ်မြောက်ရေးလှုပ်ရှားမှုအခမ်းအနားများ၊ လူငယ်နှင့်စာပေ အနုပညာပွဲတော်များ၊ စာတမ်းဖတ်ပွဲများ၊ စာပေဟောပြောပွဲများ၊ စာပေစကားဝိုင်းဆွေးနွေးပွဲများ၊ လူငယ်ရေးရာဟောပြောပွဲများကို တာဝန်ရှိသူများက စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိသည်။

“စာပေသည် လူမျိုး၏ယဉ်ကျေးမှုမဏ္ဍိုင်ဖြစ်ပါကြောင်း၊ စာအုပ်မျိုးစုံသည် လူသားများ၏ ခေတ်ကြေးမုံဖြစ်ပါကြောင်း၊ စာအုပ်စာပေသည် လူ့မိတ်ဆွေများဖြစ်ပြီး စာပေမြင့်မှ လူမျိုးတင့်မည်ပင်ဖြစ်ပါကြောင်း၊ စာပေသည် နိုင်ငံ၏ယဉ်ကျေးမှုအဆင့်အတန်းနှင့် အမျိုး သားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးပါကြောင်း၊ ‘ယဉ်ကျေးမှုပျောက် လျှင် လူမျိုးပျောက်မည်’ ဆိုသည့် သတိပေးဆိုရိုးစကားအတိုင်းလိုက်နာပြီး ဒီယဉ်ကျေးမှုမပျောက်အောင်၊ ခိုင်မြဲတည်တံ့အောင် ဆက်လက်တည်ဆောက်ရန်မှာ နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်ပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားတွင် အသိပေးပြောကြားထားသည်။

လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ခန့်မှစ၍ ရေးဖွဲ့မှုများ

မြန်မာဘာသာစကားနှင့် စာပေသည် မြန်မာ့သမိုင်းရေစီးကြောင်းတွင် ခိုင်မာတည်တံ့စွာထင်ရှားခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်တစ်ခု ဖြစ်သည်။ နိုင်ငံနှင့် လူမျိုးအတွက် အသိဉာဏ်အမြော်အမြင်နှင့် စိတ်ခွန်အားများ ဖွံ့ဖြိုးတိုးတက်လာစေရန် စေတနာဖြင့် သုတရသ စာပေအဖြာဖြာကို အားထုတ်ရေးဖွဲ့ခဲ့သည့် စာပေပညာရှင်များ၊ စာဆိုတော်များကျေးဇူးတရားကို အလေးအမြတ်ဂုဏ်ပြုရမည်ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်မှစ၍ ရဟန်းစာဆို၊ လူစာဆိုတို့၏ မှတ်သားလောက်သည့် ရေးဖွဲ့မှုများအား ယနေ့တိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ခြင်းသည် ထူးကဲသော ကံကောင်းခြင်းဖြစ်သည်။ အဆိုပါကံကောင်းမှုများကို မပျက်စီးမဆုံးရှုံးအောင် ထိန်းသိမ်းစောင့်ရှောက်ပေးသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များအား လေးစားဂုဏ်ယူရမည်ဖြစ်သည်။

နိုင်ငံပိုင်သတင်းစာမှကူးယူဖော်ပြသည်။

#PAN