သုတေသနဖွံ့ဖြိုးရေး ပိုမိုရင်းနှီးမြှုပ်နှံအားပေး

သုတေသနလုပ်ငန်းဟူသည် သိရှိလိုသည့် အကြောင်းအရာတစ်ခုခုကို ခြေခြေမြစ်မြစ်သိရှိနိုင်ရန် စူးစမ်းရှာဖွေခြင်းပင်ဖြစ်သည်။ လုပ်ငန်းနယ်ပယ်တိုင်းတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသန ပြုလုပ်ရန်လိုအပ်ပြီး စနစ်တကျစူးစမ်းရှာဖွေခြင်း၊ ဆန်းစစ်လေ့လာခြင်းနည်းလမ်းများဖြင့် အချက်အလက်သစ်များရရှိလာပြီး သိမှုနယ်ပယ် ပိုမိုကျယ်ပြန့်လာနိုင်သကဲ့သို့ အခက်အခဲများ၊ ပြဿနာများတို့ကို ဖြေရှင်းနိုင်ရန်အတွက်လည်း နည်းလမ်းများရရှိလာနိုင်သည်။ သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ်နေခြင်းအားဖြင့် သက်ဆိုင်ရာလုပ်ငန်းတိုင်းတွင် ဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်စေသည်။

ဖွံ့ဖြိုးတိုးတက်မှုကို အလိုရှိသည့်နိုင်ငံတိုင်းတွင် သုတေသနလုပ်ငန်းများအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများကို ထူထောင်ထားကြပြီး စူးစမ်းလေ့လာမှုများ ပြုလုပ်နိုင်ရန် ဘဏ္ဍာရန်ပုံငွေများကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုပြုသကဲ့သို့ပင် အမြောက်အမြား ရင်းနှီးမြှုပ်နှံမှု ပြုကြသည်ဟုဆိုသည်။ ယခုအခါ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံအဆင့်သို့ တက်လှမ်းလာနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် သုတေသနလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုများကို မတွန့်မဆုတ် ပြုလုပ်ခဲ့ပြီး နှစ်စဉ်ထွက်ပေါ်လာသည့် သုတေသနစာတမ်းများမှာ ကမ္ဘာ့နံပါတ်(၁) ထိပ်တန်းနိုင်ငံဟုဆိုသည့် အမေရိကန်ပြည်ထောင်စုထက် အဆပေါင်းများစွာရှိကြောင်း မှတ်သားရဖူးသည်။ ယင်း၏ အကျိုးကျေးဇူးအနေဖြင့် အချို့သိပ္ပံနှင့်နည်းပညာနယ်ပယ်များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပိုမို၍ ရှေ့တန်းသို့ရောက်လာခဲ့ရာ ဉာဏ်ရည်တုနည်းပညာ (AI) ကဲ့သို့သော နယ်ပယ်များတွင် ထင်ထင်ရှားရှားတွေ့ရှိရသည်။

သုတေသနလုပ်ငန်းသည် မသိရသေးသည့်နယ်ပယ်တွင် သိလာအောင် တစ်နည်းအားဖြင့် အသိသစ်တစ်ခုကို ရရှိလာအောင် ရှာဖွေလေ့လာသကဲ့သို့ပင် တိမ်မြုပ်ပျောက်ကွယ်နေသည့် အကြောင်းအရာများကိုလည်း ပြန်လည်ရှာဖွေဖော်ထုတ်ခြင်းဖြစ်သည်။ သမိုင်းသုတေသန၊ ရှေးဟောင်းသုတေသန စသည်တို့မှာ ဤသဘောပင်ဖြစ်သည်။ မိမိတို့နိုင်ငံကဲ့သို့သော စိုက်ပျိုးမွေးမြူရေး အခြေခံနိုင်ငံတစ်နိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများ အားကောင်းနေစေရန် လိုအပ်သည်။ မိမိတို့၏ စိုက်ပျိုးမွေးမြူထုတ်ကုန်များ အရည်အသွေးအဆင့်အတန်း မြင့်မားရေး၊ အရေအတွက်အမြောက်အမြား ထုတ်လုပ်နိုင်ရေး ကမ္ဘာ့ဈေးကွက်တွင် အောင်မြင်စွာ ထိုးဖောက်နိုင်ရေးတို့အတွက် သုတေသနအများအပြားပြုလုပ်ရန် လိုအပ်မည်ဖြစ်ပြီး အရည်အသွေး ပြည့်ဝကောင်းမွန်သည့် သုတေသနရလဒ်များ ထွက်ပေါ်လာနိုင်ရန် လိုအပ်သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရာတွင် Intellectual ခေါ် ပညာရှင်များလည်း အများအပြားထွက်ပေါ်လာရန် လိုအပ်သည်။ နယ်ပယ်ပေါင်းစုံ၊ ဘာသာရပ်ပေါင်းစုံမှ ပညာရှင်များ စုစည်းနိုင်ရန်အတွက် တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံသုတေသနအသင်းကြီးကဲ့သို့သော အသင်းကြီးများ ခေတ်၏လိုအပ်ချက်နှင့်အညီ ပေါ်ထွက်လာရန် လိုအပ်သကဲ့သို့ ကမ္ဘာ့အဆင့်မီ ထုတ်ဝေနိုင်ခဲ့သည့် “မြန်မာနိုင်ငံ သုတေသနဂျာနယ်” Journal of Burma Research Society (JBRS) ကဲ့သို့သော သုတေသနဂျာနယ်မျိုး ခေတ်နှင့်အညီ ပေါ်ထွက်လာခြင်းဖြင့် သုတေသနပညာရပ်များကို ဖြန့်ဝေနိုင်ရန်၊ မျိုးဆက်သစ်သုတေသီများ ပေါ်ထွက်လာရန် ကြိုးပမ်းသွားကြရမည်ဖြစ်သည်။

နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် ကဏ္ဍများအတွက် သုတေသနလုပ်ငန်းများ ပြုလုပ်ရန် ပိုမိုရင်းနှီးမြှုပ်နှံခြင်း၊ အရည်အသွေးပြည့်ဝ စံချိန်မီသုတေသနများ ရှာဖွေဖော်ထုတ်မှုများ ပြုလုပ်ခြင်းဖြင့် နိုင်ငံ့အကျိုးစီးပွား၊ ပြည်သူလူထု အကျိုးစီးပွား တိုးတက်မြင့်မားရေး ဆောင်ကြဉ်းနိုင်ပါစေကြောင်း။ ။

နိုင်ငံပိုင်သတင်းစာမှ ကူးယူဖော်ပြသည်။

#PAN