မိုးဇလမှ အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် ထုတ်ပြန်

ဇန်နဝါရီ ၂၅

အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ် ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့် ယနေ့မြန်မာစံတော်ချိန် မွန်းလွဲပိုင်းမှ နောက် (၄၈)နာရီအတွင်း အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မိုးရွာသွန်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါကြောင်း မိုးဇလ၏ သတိပေးချက်တွင်ပါရှိသည်။

ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနိုင်ပါရန်လည်း မိုး/ဇလကအကြံပြုထားသည်။

PAN