ဦးနှောက်အာဟာရပြည့်ဝဖို့ စာပေကဏ္ဍမြှင့်တင်စို့

မွန်မွန်

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး ဖွံ့ဖြိုးတိုးတက်ရန်မှာ စာပေသည် အသည်းနှလုံးဖြစ်သည်။ စာပေသည် လူတို့အား အသိဉာဏ်ပွင့်လင်းစေသည့် ဦးနှောက်အာဟာရကို ဖြစ်စေသည်။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများလုပ်ဆောင်ခြင်းကြောင့် ခန္ဓာကိုယ်ကြွက်သားများ ဖွံ့ဖြိုးတိုးတက်လာသကဲ့သို့ စာအုပ်ဖတ်ခြင်းကြောင့် ဦးနှောက်စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ထို့အပြင် စာဖတ်သူတို့ကို ရသများပေးစွမ်းနိုင်သဖြင့် နှလုံးသားအာဟာရလည်း ဖြစ်စေသည်။

စာပေသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုမျက်နှာစာဖြစ်သကဲ့သို့ နိုင်ငံနှင့် လူမျိုးတိုးတက်ဖွံ့ဖြိုးရေးတွင် အရေးပါလှသည့် ယဉ်ကျေးမှုဆိုင်ရာနယ်ပယ်ကြီးတစ်ခုဖြစ်သည်ကို မြန်မာ့သမိုင်း၏ ဖြစ်ပေါ်တိုးတက်မှုများတွင် အထင်အရှားတွေ့နိုင်ပါသည်။ မြန်မာလူမျိုးနှင့် မြန်မာစာပေသည် ခေတ်အဆက်ဆက်အမျိုးသားရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကိစ္စများတွင် စာပေနှင့် ပြည်သူတို့ အပြန်အလှန် အကျိုးပြုနိုင်ခဲ့သည့် သာဓကများစွာရှိသည်။

မြန်မာနိုင်ငံတွင် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတစ်ခုဖြစ်သော အမျိုးသားယဉ်ကျေးမှု မြန်မာစာပေကို ထိန်းသိမ်းမြှင့်တင် စောင့်ရှောက်ပေးလျက်ရှိသည့် စာဆိုတော်များကို နတ်တော်လဆန်း ၁ ရက် စာဆိုတော်နေ့တွင် ဂုဏ်ပြုပေးလျက်ရှိသည်။ မြန်မာစာပေ မတိမ်ကောမပပျောက်စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ကြသူများကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် မြန်မာစာပေ တည်တံ့ခိုင်မြဲစေရန်နှင့် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်သည်။

ထို့အပြင် စာပေ၏တန်ဖိုးကို မြှင့်တင်သောအားဖြင့် နှစ်စဉ်အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားများကို ကျင်းပခြင်းအပြင် စာတတ်မြောက်ရေးလှုပ်ရှားမှုအခမ်းအနားများ၊ လူငယ်နှင့်စာပေ အနုပညာပွဲတော်များ၊ စာတမ်းဖတ်ပွဲများ၊ စာပေဟောပြောပွဲများ၊ စာပေစကားဝိုင်းဆွေးနွေးပွဲများ၊ လူငယ်ရေးရာဟောပြောပွဲများကို တာဝန်ရှိသူများက စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိသည်။

“စာပေသည် လူမျိုး၏ယဉ်ကျေးမှုမဏ္ဍိုင်ဖြစ်ပါကြောင်း၊ စာအုပ်မျိုးစုံသည် လူသားများ၏ ခေတ်ကြေးမုံဖြစ်ပါကြောင်း၊ စာအုပ်စာပေသည် လူ့မိတ်ဆွေများဖြစ်ပြီး စာပေမြင့်မှ လူမျိုးတင့်မည်ပင်ဖြစ်ပါကြောင်း၊ စာပေသည် နိုင်ငံ၏ယဉ်ကျေးမှုအဆင့်အတန်းနှင့် အမျိုး သားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးပါကြောင်း၊ ‘ယဉ်ကျေးမှုပျောက် လျှင် လူမျိုးပျောက်မည်’ ဆိုသည့် သတိပေးဆိုရိုးစကားအတိုင်းလိုက်နာပြီး ဒီယဉ်ကျေးမှုမပျောက်အောင်၊ ခိုင်မြဲတည်တံ့အောင် ဆက်လက်တည်ဆောက်ရန်မှာ နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်ပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားတွင် အသိပေးပြောကြားထားသည်။

လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ခန့်မှစ၍ ရေးဖွဲ့မှုများ

မြန်မာဘာသာစကားနှင့် စာပေသည် မြန်မာ့သမိုင်းရေစီးကြောင်းတွင် ခိုင်မာတည်တံ့စွာထင်ရှားခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်တစ်ခု ဖြစ်သည်။ နိုင်ငံနှင့် လူမျိုးအတွက် အသိဉာဏ်အမြော်အမြင်နှင့် စိတ်ခွန်အားများ ဖွံ့ဖြိုးတိုးတက်လာစေရန် စေတနာဖြင့် သုတရသ စာပေအဖြာဖြာကို အားထုတ်ရေးဖွဲ့ခဲ့သည့် စာပေပညာရှင်များ၊ စာဆိုတော်များကျေးဇူးတရားကို အလေးအမြတ်ဂုဏ်ပြုရမည်ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်မှစ၍ ရဟန်းစာဆို၊ လူစာဆိုတို့၏ မှတ်သားလောက်သည့် ရေးဖွဲ့မှုများအား ယနေ့တိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ခြင်းသည် ထူးကဲသော ကံကောင်းခြင်းဖြစ်သည်။ အဆိုပါကံကောင်းမှုများကို မပျက်စီးမဆုံးရှုံးအောင် ထိန်းသိမ်းစောင့်ရှောက်ပေးသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များအား လေးစားဂုဏ်ယူရမည်ဖြစ်သည်။

စာပေသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ အသိဉာဏ်အရည်အသွေး၊ စဉ်းစားတွေးခေါ်မှု၊ ခံစားမှုဉာဏ်ရည်၊ စာရိတ္တ၊ ကျင့်ဝတ်လိုက်နာမှုကဲ့သို့သော အရည်အသွေးများမြှင့်တင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ ခေတ်အလိုက် ထွန်းကားခဲ့ကြသော စာပေယဉ်ကျေးမှုတို့သည် ယင်းခေတ်၏သမိုင်းတို့ကို ဖော်ပြနေပါသည်။ စာပေသည်လူသားများ၏ စိတ်ဝင်စားဖွယ်အကောင်းဆုံးနှင့် အထင်ရှားဆုံးဖော်ပြ ချက်များထဲမှ တစ်ခုဖြစ်သည်ဆိုသည့် စကားကဲ့သို့ပင် စာပေများသည် ခေတ်၏ကြေးမုံလည်း ဖြစ်သည်။ ထို့အပြင် နိုင်ငံသားတိုင်း အသိပညာ၊ အတတ်ပညာများအပြင် နှလုံးရည်ပြည့်ဝသူများဖြစ်ရန်အတွက် စာပေက အဓိကပံ့ပိုးပေးသည်။

လူတို့၏ အတွေးအခေါ်တို့သည် စာပေများတွင် အခြေပြုပေါက်ပွားကြသည်။ အတွေးအခေါ်တို့ သန္ဓေတည်ရာဟုလည်း ဆိုနိုင်သည်။ ထို့အတူ စာဖတ်သူများ၏ နယ်ပယ်ချဲ့ထွင်မှုကို စာပေကကူညီပံ့ပိုးပေးနိုင်သည်။ စာပေမျိုးစုံကို ဖတ်ရှုလေ့လာခြင်းဖြင့် ကမ္ဘာအနှံ့ရှိဒေသများ၊ လူမျိုးများ၊ ယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းများ၊ အယူအဆများနှင့် သမိုင်းကြောင်းများကို နှိုင်းယှဉ်သိရှိနိုင်သည်။ မတူကွဲပြားသော စာပေများသည် စာဖတ်သူများ၏ အတွေးအမြင်များကို ဖွင့်ပေးနိုင်သည်။

စာဖတ်ခြင်းမှ အကျိုးကျေးဇူး ပြည့်ပြည့်ဝဝရနိုင်ရန်မှာ စာဖတ်ရာတွင် မည်သည့်အမျိုးအစားအား ဖတ်ရမည်ကို ခွဲခြားသိမြင်ရန်လိုအပ်သည်။ ဖတ်ပြီးသော စာပေများကိုလည်း မေ့လျော့မသွားရအောင် နှစ်သက်ရာကို စုစည်းလျက် လေ့လာထုတ်နုတ်မှတ်စုရေးသားသင့်သည်။ အကျိုး ရှိသောစာပေများ ဖတ်ရှုခြင်းဖြင့် အသိအမြင်များခြင်း၊ ဗဟုသုတကြွယ်ဝ ခြင်းကြောင့် သဘာဝတရားနှင့်တကွ လူသားတို့၏စိတ်နေစိတ်ထား ဖြစ်ပျက်ပုံတို့ကို အမှန်အတိုင်း ထိုးထွင်းသိမြင်၍ နေရာတိုင်း၌ ဝင်ဆံ့ကာ ပညာရဲရင့်ပွဲလယ်တင့်လာသည်။ အမှားအမှန် ခွဲခြားတတ်လာသည်။ ထို့အပြင် ဦးနှောက်၏စွမ်းရည်များ မြင့်တက်လာပြီး ကောင်းမွန်သည့် အတွေးများ ဖြစ်လာစေသည်။

ယနေ့ကာလတွင် နယ်ပယ်ကဏ္ဍအသီးသီး၌ နည်းပညာများ ထိုးဖောက်ဝင်ရောက်နေပြီဖြစ်သည်။ ဒစ်ဂျစ်တယ်ခေတ်တွင် စာပေကဏ္ဍ၌လည်း စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ ဒွန်တွဲဖြစ်ပေါ်လျက်ရှိပါသည်။ စာပေများကို ဒစ်ဂျစ်တယ်ပလက်ဖောင်းများပေါ်တွင် လူတိုင်း လွယ်ကူစွာဖန်တီးနိုင်ကြသည်။ စာပေဖတ်ရှုသူများသည်လည်း စာပေများကို လူမှုမီဒီယာကဲ့သို့သော ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်တွင် လွယ်လင့်တကူဖတ်ရှုလာနိုင်ကြသည်။ စာပေဖန်တီးမှု၊ စီးဆင်းမှု၊ တုံ့ပြန်မှုများ မြန်ဆန်လာကြသည်။ နည်းပညာတိုးတက်ပြောင်းလဲမှု၏ လွှမ်းမိုးမှုများသည် မြန်မာစာပေမှမဟုတ် အခြားသောစာပေများတွင်လည်း ကြုံတွေ့နေကြရသည်။

မည်သည့်စာပေကို ဖတ်ရှုသည်ဖြစ်စေ စာကောင်းပေမွန်ဟူသမျှတို့က စာရှုသူ၏ဦးနှောက်ကိုဖြစ်စေ၊ နှလုံးသားကိုဖြစ်စေ အကျိုးဖြစ်ထွန်းစေပြီး လူတစ်လုံးသူတစ်လုံးဖြစ်လာသည်အထိ မြှင့်တင်ပေး နိုင်သည်သာဖြစ်သည်။ အဆင့်အတန်းရှိသော၊ ကောင်းမွန်သောရသ စာပေများက လူ့ပတ်ဝန်းကျင်၊ လူ့လောက၏သဘောသဘာဝအဖြစ်အပျက် အကောင်းအဆိုးတို့ကို ခံစားနားလည်လာနိုင်အောင် ရေးခြယ်ဖော်ပြနိုင်ကြပြီး ဒိဋ္ဌလောကတွင်ပါ သတိပြုလာနိုင်အောင်၊ သင်ခန်းစာယူလာနိုင်အောင်၊ ဆင်ခြင်လာနိုင်အောင် နှိုးဆော်နိုင်စွမ်းရှိသည်။ တစ်နည်းအားဖြင့် ရသစာပေများက စာရှုသူ၏နှလုံးသားခံစားမှုအပေါ် ဩဇာသက်ရောက်မှုဖြစ်ပေါ်စေကာ လောကကို အသင့်ရင်ဆိုင်နိုင်စွမ်း ရှိသူများဖြစ်လာအောင် စွမ်းဆောင်နိုင်သည့်အပြင် စိတ်ဓာတ်ခွန်အား များကိုလည်း ဖြည့်တင်းပေးနိုင်သည်။ ထို့ပြင် ရသစာပေများကို ဖတ်ရှုခြင်းဖြင့် အနုပညာခံစားနိုင်မှုနှင့်အတူ နူးညံ့သိမ်မွေ့ယဉ်ကျေးလာမည်ဟု ယုံကြည်ပါသည်။

ဒေသန္တရဗဟုသုတများကို လေ့လာဆည်းပူးခြင်း

စာပေဖတ်ရှုရာတွင် မျက်စိဖြင့် စာဖတ်ခြင်း၊ နားဖြင့် စာဖတ်ခြင်း၊ ခြေထောက်ဖြင့် စာဖတ်ခြင်းဟူ၍ အမျိုးမျိုးရှိသည်။ မျက်စိဖြင့် စာဖတ်ခြင်းဆိုသည်မှာ မျက်စိဖြင့် မြင်နိုင်သမျှသော စာပေဗဟုသုတ များကို ဖတ်မှတ်လေ့လာခြင်းဖြစ်သည်။ နားဖြင့်စာဖတ်ခြင်းဆိုသည်မှာ တရားပွဲများ၌ ဆရာတော်ဘုရားများ၏ ဆုံးမဩဝါဒများကို နာယူမှတ်သားခြင်း၊ စာပေဟောပြောပွဲများ၌ စာပေပညာရှင်ကြီးများက မျှဝေပေးသော ပညာဗဟုသုတများကို မှတ်သားဆည်းပူးခြင်းဖြစ်သည်။ ခြေထောက်ဖြင့် စာဖတ်ခြင်းဆိုသည်မှာ အနယ်နယ်အရပ်ရပ်သို့ ခရီးများသွားရောက်၍ ဒေသန္တရဗဟုသုတများကို လေ့လာဆည်းပူးခြင်း စသည်တို့ဖြစ်သည်။

“ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါ” ဟူသော စကားသုံးခွန်းသည် ပညာဗဟုသုတရှာဖွေလိုသူတိုင်းအတွက် တိုက်တွန်းထားသောစကားဖြစ်သည်။ တိုးတက်လိုသူတိုင်း စာဖတ်ကြသည်။ စာဖတ်သူတိုင်း တိုးတက်ကြသည်။ လူတစ်ဦး၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုဟူသည် အသိဉာဏ်ရှိခြင်း၊ မရှိခြင်းအပေါ် လုံးဝတည်မှီနေသည်။ အသိဉာဏ် ကျယ်ပြန့်လေ တိုးတက်လေဖြစ်ပြီး အသိဉာဏ်နည်းလေ ဆုတ်ယုတ်လေဖြစ်သည်။ အသိဉာဏ်ကျယ်ပြန့်ရေးအတွက် စာဖတ်ရပေမည်။ လူကိုစိတ်က ဦးဆောင်သည်။ စိတ်ကို ဉာဏ်ပညာက ဦးဆောင်သည်။ ဉာဏ်ပညာကို ဗဟုသုတက ဦးဆောင်သည်။ ဗဟုသုတကို စာအုပ် စာပေက ဦးဆောင်သည်ဟု ဖတ်မှတ်လေ့လာဖူးသည်။

စာအုပ်ကောင်းသည် မိတ်ဆွေကောင်းသဖွယ် ကောင်းကျိုးများစွာကို မဖောက်မပြန်ပေးအပ်မြဲဖြစ်သည်။ မိတ်ဆွေကောင်းနှင့်ပတ်သက်၍ မြတ်စွာဘုရားက ဟောကြားတော်မူသည်မှာ မိတ်ဆွေကောင်းတစ်ဦးရှိလျှင်ပင် ဘဝပြီးပြည့်စုံသည်ဟူ၍ဖြစ်သည်။ စာအုပ် ကောင်းများစွာသည် မိတ်ဆွေကောင်းများစွာဖြစ်၍ စာဖတ်ဝါသနာ ကြောင့် မိတ်ဆွေကောင်း ရှာတွေ့ပေါင်းဖော်ရသည့်အတွက် ဘဝ၏ပြီးပြည့်စုံခြင်းသို ရောက်ရသည်။

စာနှင့်ကင်း၍ကျော်ကြားသူ မရှိသလို၊ စာနှင့်ကင်း၍ တိုးတက်သော လူမျိုးဟူ၍မရှိနိုင်ပါ။ လူသားတို၏ အတွေ့အကြုံများကို မှတ်တမ်းပြုထားသော စာအုပ်စာပေသည် အတိတ်သမိုင်းကို သိခွင့်ရသလို ပစ္စုပ္ပန်ကောင်းကျိုးကို ညွှန်ပြသည်။ စာပေသည် လူ့ဘောင်အဖွဲအစည်းတစ်ရပ် အဓွန့်ရှည်တည်တံ့ရေးအတွက် ရေသောက်မြစ်ပင်ဖြစ်သည်။

စွမ်းအားထက်မြက်သော စာပေတိုသည် စာဖတ်ဝါသနာရှင်များအား ကိုယ်ကျင့်တရားကောင်းပြီး လူအချင်းချင်း ရိုင်းပင်းကူညီလိုစိတ်၊ ယဉ်ကျေးမှုအစဉ်အလာဓလေ့ထုံးတမ်းများကို မြတ်နိုးထိန်းသိမ်း လိုစိတ်၊ သရုပ်ပျက်ယဉ်ကျေးမှုကို အားမပေးသောစိတ်၊ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားပြီး ဇာတိသွေး ဇာတိမာန် ထက်သန်လိုစိတ်၊ တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးစိတ် အစရှိသည့် စိတ်ဓာတ်ကောင်း တို ပေါ်ထွန်းအောင် မျိုးစေ့ချပေးတတ်သည်။ စာဖတ်ဝါသနာကား လူသားကောင်းကျိုး နှိးဆော်ပေးသည့် ကြီးစွာသောမှီခိုရာဖြစ်သည်နှင့်အညီ ငယ်စဉ်ကတည်းကပင် စာဖတ်ဝါသနာထုံမွမ်းတတ်အောင် တာဝန်ရှိသူ လူကြီးမိဘများက ပြုစုပျိုးထောင်အားပေးကြမည်ဆိုလျှင် ကျောက်ကောင်းများစွာပွင့်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

သိုဖြစ်ရာ မျိုးဆက်သစ်လူငယ်တို ကျောင်းနေစဉ်အရွယ်ကပင် စာပေမျိုးစေ့ချပေးကြရမည်ဖြစ်သည်။ မျိုးဆက်အဆင့်ဆင့်က စာပေများကိုမြတ်နိုးခြင်း၊ လေ့လာလိုက်စားခြင်း၊ ထိန်းသိမ်းခြင်း၊ ဖွံဖြိုးတိုးတက်စေခြင်းဖြင့် စာပေ၏အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ပါသည်။ စာပေ၏အရေးပါမှုကို လူငယ်များအကြား ပိုမိုသိရှိစေခြင်းဖြင့် မိမိတိုစာပေယဉ်ကျေးမှုကို ပိုမိုထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ပါသည်။ စာပေမြင့်မှ လူမျိုးတင့်မည်ဆိုသကဲ့သို မြန်မာ့လူ့ အဖွဲအစည်း၏အဆင့်အတန်း မြှင့်တင်နိုင်ရန်နှင့် မိမိတို၏စာပေယဉ်ကျေးမှုကို လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်အတွက် “ဦးနှောက်အာဟာရပြည့်ဝဖို စာပေကဏ္ဍမြှင့်တင်စို”ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။

နိုင်ငံပိုင်သတင်းစာမှကူးယူဖော်ပြသည်။

PAN