ပုဂံဒေသအလှကို ကောင်းကင်ပေါ်မှလေ့လာနိုင်သည့် မီးပုံးပျံစီးနင်းသူများထဲတွင် ပြည်တွင်းခရီးသွားများ ပိုမိုများပြားလာ

ဇန်နဝါရီ ၂၃


ပြည်တွင်း၊ ပြည်ပခရီးသွားများအကြား စိတ်ဝင်စားမှုများပြားသည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကောင်းကင်ပေါ်မှလေ့လာနိုင်သည့် မီးပုံးပျံကို စီးနင်းသူများထဲတွင် ယခုနောက်ပိုင်းကာလ၌ ပြည်တွင်းခရီးသွားများ ပိုမိုများပြားလာကြောင်း စုံစမ်းသိရှိရသည်။ မီးပုံးပျံကုမ္ပဏီများအနေဖြင့် စီးနင်းခများကို ဈေးလျှော့ပေးလာသည့်အတွက် ပြည်တွင်းခရီးသွားများ စီးနင်းမှုပိုမိုများပြားလာခြင်း ဖြစ်ကြောင်းလည်း သိရသည်။“မီးပုံးပျံတွေကလည်း အရင်တုန်းကဆို တစ်ယောက်ကို ကျပ်သုံးသိန်းခွဲလောက် ပေးရတာ။ ပြည်ပကဝင်လာတဲ့ ဧည့်သည်တွေပဲစီးနိုင်တာ။ အခုကတော့ မီးပုံးပျံ ကုမ္ပဏီတွေကလည်း ဈေးလျှော့ထား ပြီး တစ်ယောက်ကို ကျပ်နှစ်သိန်းခွဲ၊ နှစ်သိန်း ခုနစ်သောင်းလောက်ပဲပေးရ တော့ မီးပုံးပျံစီးတဲ့ Customer က ပြည်ပ ထက် ပြည်တွင်းက ပိုများလာတယ်” ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကျော် မျိုးဝင်းက ပြောသည်။ပုဂံဒေသကို လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားမှခရီးသွားများ လာရောက်လည်ပတ်မှု များပြားနေပြီးပြည်ပမှ လာရောက်လည်ပတ်မှုအနေဖြင့် ထိုင်းနိုင်ငံမှ လာရောက်လည်ပတ်မှု အများဆုံးဖြစ်နေပြီး ဒုတိယအများဆုံးအဖြစ် ရုရှားမှ ခရီးသွားလည်ပတ်မှု များပြားနေကြောင်း ၎င်းကဆိုသည်။“အခုကတော့ ပုဂံကိုလာရောက်လည်ပတ်တဲ့အထဲ ပြည်တွင်းက ပိုများတယ်။ ပြည်ပက လာရောက်လည်ပတ်တဲ့ အထဲထိုင်းကအများဆုံး၊ ပြီးတော့ ဒုတိယအများဆုံးရုရှားပေါ့။ အရင်တုန်းကဆို ပုဂံကသောကြာနေ့လောက်ဆို ခရီးသည် ရောက်လာတယ်။ စနေ၊ တနင်္ဂနွေ လည်ပြီးရင် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးဆိုရင် ခြောက်ကပ်ကျန်ခဲ့တာ။ အခုကျတော့ အဲဒီလိုမဟုတ်တော့ဘူး။ ကြားရက်တွေမှာလည်း ဧည့်သည်မပြတ်ဘူး။ အဖွဲ့လိုက်တွေက အခုထိကိုစည်ကားနေ ဆဲပဲ”ဟု ဦးကျော်မျိုးဝင်းကဆိုသည်။ပြီးခဲ့သည့်နွေရာသီခန့်မှ စတင်ကာ ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှု တိုးတက်လာခဲ့ပြီးပြီးခဲ့သည့် သီတင်းကျွတ်ကာလ အောက်တိုဘာလမှစ၍ ခရီးသွားဝင်ရောက်မှု သိသိသာသာမြင့်တက်ခဲ့ကာ ဟိုတယ်များ မလုံလောက်သောကြောင့် ဘုန်းကြီးကျောင်းများတွင် တည်းခိုရသည် အထိဖြစ်ခဲ့သည်။

#PAN

Telegram link

https://t.me/positiveanglenews