မွန်အမျိုးသားနေ့ကို ဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေအပေါ်မူတည်ပြီး ဒေသအခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် စည်းလုံးညီညွတ်သော အင်အားဖြင့် မွန်အမျိုးသားနေ့ဦးတည်ချက်များအတိုင်း ကျင်းပကြရန် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ ဗဟိုမှ တိုက်တွန်းနှိုးဆော်ထား


ဇန်နဝါရီ ၁၈


(၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို မိမိတို့ ဒေသအခြေအနေနှင့် လိုက်လျောညီထွေဖြစ်စွာ အစဉ်အလာမပြတ်ကျင်းပသွားနိုင်ရန်အတွက် ကျင်းပရေးကော်မတီများကိုဖွဲ့စည်း၍ (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပရေးကော်မတီ (ဗဟို) နှင့်ဆက်သွယ်ပူးပေါင်းကာ စည်းလုံးညီညွတ်သော အင်အားဖြင့် မွန်အမျိုးသားနေ့ဦးတည်ချက်များအတိုင်း ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြရန် (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ (ဗဟို) မှ တိုက်တွန်း နှိုးဆော်ထားသည်။
(၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ (ဗဟို) ၏ တိုက်တွန်း နှိုးဆော်ချက်တွင်သမလ၊ ဝိမလ မွန်မင်းညီနောင်နှစ်ပါး ဟံသာဝတီနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာသက္ကရာဇ် (၁၁၁၆) ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ အမျိုးသား နိုင်ငံရေးအနှစ်သာရရှိစွာဖြင့် မွန်တစ်မျိုးသားလုံး ဂုဏ်ယူဝင့်ကြွားစွာကျင်းပလာသည်မှာ ယခုနှစ်ဆိုလျှင် (၇၇) ကြိမ်မြောက်သို့ ရောက်ရှိလာပြီဖြစ်ကြောင်းဖော်ပြထားသည်။
မွန်အမျိုးသားနေ့အခမ်းအနားကို ၁၃၈၅ ခုနှစ်၊ ပြာသိုလဆန်း ( ၈) ရက်၊ ( ၁၈.၁.၂၀၂၄) တွင် မွန်လူမျိုးတို့၏ ဘာသာ စကား စာပေ ယဉ်ကျေးမှု ဓလေ့ရိုးရာနှင့် သမိုင်းအစဉ်အလာများ မတိမ်ကောမပပျောက် သွားစေရေး ဖော်ထုတ်ထိန်းသိမ်းသွားရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ မွန်လူမျိုးတို့၏ ဇာတိသွေးဇာတိမာန် အစဉ်နိုးကြားကာ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ပြီး စည်းလုံးညီညွတ်မှုရှိစေရန်နှင့် တိုင်းရင်းသားလူမျိုးများအားလုံး စည်းလုံးညီညွတ်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ ဒေသအသီးသီး၊ နယ်ပယ်အသီးသီးမှ မွန်လူမျိုးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ပေးနိုင်ရန်၊ အမျိုးသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ပေါ်ပေါက်လာစေရေး ဦးတည်ဆောင်ရွက်သွားရန်၊ စသည့်ရည်ရွယ်ချက်များဖြင့်ကျင်းပခြင်းဖြစ်ကြောင်းလည်း (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ (ဗဟို)၏ တိုက်တွန်းနှိုးဆော်ချက်တွင်ပါရှိသည်။
မွန်အမျိုးသားနေ့ ဗဟိုအဆင့်အခမ်းအနားကို မွန်လူမျိုးများနေထိုင်ရာ ဒေသအသီးသီးတွင် အလှည့်ကျကျင်းပလာခဲ့ရာ ယခုနှစ် မွန်အမျိုးသားနေ့အခမ်းအနား (ဗဟို) ကို ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာ တွင် ကျင်းပသွားမည်ဖြစ်ပြီး ၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁၃) ရက်၊ (၂၇.၁၀.၂၀၂၃) ရက်နေ့တွင် မော်လမြိုင်မြို့၊ သာသနာ(၂၅၀၀)ကျောင်းတိုက်၌ မြို့နယ်စုံ၊ အစုအဖွဲ့စုံမှ ကိုယ်စားလှယ်များ အစည်းအဝေးပြုလုပ်၍ (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ(ဗဟို) ကို ဖွဲ့စည်းခဲ့ပြီး မြို့နယ်၊ ကျေးရွာ စသည့် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ အဆင့်ဆင့်အကြား မွန်အမျိုးသားနေ့ ကျင်းပရေးဆိုင်ရာလုပ်ငန်းစဉ်များကို တညီတညွတ်တည်း ဖြစ်စေရန်အတွက်လည်းကောင်း၊ ဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေအပေါ်မူတည်၍ ချင့်ချိန်ကျင်းပသွားနိုင်ရေးအတွက်လည်းကောင်း သက်ဆိုင်သည့် အစုအဖွဲ့အားလုံးနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဦးဆောင်တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဒေသအသီးသီးရှိ မွန်အမျိုးသားအပေါင်းတို့အနေဖြင့် မွန်အမျိုးသားအနေ့အခမ်းအနားများကိုမိမိတို့ ဒေသအခြေအနေနှင့် လိုက်လျောညီထွေဖြစ်စွာ အစဉ်အလာမပြတ်ကျင်းပသွားနိုင်ရန်အတွက် ကျင်းပရေးကော်မတီများကိုဖွဲ့စည်း၍ (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပရေးကော်မတီ (ဗဟို) နှင့် ဆက်သွယ်ပူးပေါင်းကာ စည်းလုံးညီညွတ်သော အင်အားဖြင့် မွန်အမျိုးသားနေ့ဦးတည်ချက်များအတိုင်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါရန် (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ (ဗဟို) မှ တိုက်တွန်း နှိုးဆော်ထားသည်။

#PAN

Telegram link

https://t.me/positiveanglenews