တပ်မတော်သားတစ်ချို့ကို AA အဖွဲ့က ချောင်းမြောင်းမိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ မင်းပြားမှာ တိုက်ပွဲဖြစ်ပွား

ဇန်နဝါရီ ၅
ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ မင်းရွာအနီး ရန်ကုန် – စစ်တွေ ကားလမ်းနံဘေးမှာ မြန်မာတပ်မတော်နဲ့ AA အဖွဲ့တို့အကြား ယမန်နေ့ ဇန်နဝါရီ ၄ ရက်နေ့ မနက် ၁၀ နာရီခန့်ကစတင်ပြီး တိုက်ပွဲတွေ အပြန်အလှန် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
မြန်မာ့တပ်မတော်က စခန်းချတပ်စွဲထားတဲ့ င/စရိုင်းချောင်းတောင်ပေါ်က ဆင်းလာတဲ့ တပ်မတော်သားအချို့ကို ရန်ကုန်-စစ်တွေ ကားလမ်းမကိုအရောက် သလုံးတော်ဘုန်းကြီးကျောင်းအနီးမှာ AA အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာက စတင်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မင်းပြားဒေသခံတွေက ဆိုပါတယ်။


မိုင်းဆွဲတိုက်ခိုက်ခံရပြီး မကြာမီမှာပဲ မင်းပြားတပ်ရင်းနဲ့ ရာမောင်တံတားအနီးက တပ်ရင်းတွေက လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာကို ကူပစ်ခဲ့ကြပြီးနောက် နှစ်ဖက်အပြန်အလှန် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာြဖစ်ပါတယ်။


မိုင်းဆွဲတိုက်ခိုက်ခံမှုကြောင့် တပ်မတော်သား ၅ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ AA သတင်းရင်းမြစ်တွေရဲ့ ပြောစကားကို ကိုးကားပြီး ရခိုင်အခြေစိုက်မီဒီယာတွေက ရေသားနေကြပေမယ့် PAN အနေနဲ့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။


င/စရိုင်းချောင်းတောင်ဟာ မင်းပြားမြို့ရဲ့ မြောက်ဘက် ၄ မိုင်ခန့်အကွာ ရာမောင်မြစ်ကူးတံတား အရှေ့ဘက်မှာ တည်ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကစလို့ မြန်မာ့တပ်မတော်က တပ်စွဲထားတဲ့ တောင်ကုန်းတစ်ခုလည်း ဖြစ်ပါတယ်။

PAN