တောင်သာမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်တို့တွင် လူသတ်အကြမ်းဖက်PDFများမှ ​ဒေသခံ​​ပြည်သူနှစ်ဦးနှင့် ရွာတာဝန်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးအမျိုးသမီးတစ်ဦးတို့ကို ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်


နိုဝင်ဘာ ၂

ယနေ့ နံနက်၁၁နာရီ၄၀မိနစ် အချိန်ခန့်တွင် တောင်သာမြို့နယ်၊သပြေဝကျေးရွာအုပ်စု၊ကင်းဇလုတ်ကျေးရွာနေ ဦးစန်းအောင်၊၆၂နှစ်၊(ဘ)ဦးရွှေလှအား ရွာ၏မြောက်ဘက် ၂မိုင်ခန့်အကွာ၌လည်းကောင်း၊ဦးကံဝင်း၊၅၂နှစ်၊(ဘ)ဦးကျော်သိန်း၊​အား ရွာ၏မြောက်ဘက် ၂မိုင်၃ဖာလုံခန့် အကွာ၌လည်းကောင်း သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း ဦးစန်းအောင်၏သားဖြစ်သူ ကိုတိုးလှိုင်မှဖုန်းဆက် သတင်းပေးပို့လာသဖြင့် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ဦးစန်းအောင်မှာ ယာဘက်နားထင် ဖောက်ဝင်ဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း၊ဦးကံဝင်းမှာ ယာဘက်ပါး မေးရိုးအောက် ဖောက်ဝင်ဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း သေဆုံးနေသည်ကို တွေ့ရှိ​ရ​​ကြောင်းသိရသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ဦးစန်းအောင်၏သားဖြစ်သူ ကိုတိုးလှိုင်အား မေးမြန်းခဲ့ရာ ယမန်နေ့ မွန်းလွဲ၁နာရီခွဲ အချိန်ခန့်တွင် သေဆုံးသူ ဦးစန်းအောင်နှင့်တစ်ရွာတည်းနေ ဦးကံဝင်းတို့သည် ဆိုင်ကယ် ၁စီးစီဖြင့် အိမ်ဆောက်ပစ္စည်းဝယ်ယူရန် ဇဂျမ်းကျေးရွာသို့ စိုင်ကန်-တံတား-ကင်းဇလုတ် တောလမ်းအတိုင်း သွားရောက်ခဲ့ကြောင်း၊ ညအချိန်ထိ ပြန်လည်ရောက်မလာသည့်အပြင် ၎င်းတို့၏ ဖုန်းများမှာလည်း ဆက်သွယ်၍ မရရှိသည့်အတွက် ယနေ့ နံနက်၆နာရီခွဲ အချိန်ခန့်တွင် လိုက်လံရှာဖွေခဲ့ရာ အခင်းဖြစ်နေရာ၌ ဦးစန်းအောင်အား ဆိုင်ကယ်နှင့်အတူ သေဆုံးနေသည်ကို တွေ့ရှိရပြီး ဖုန်း ၁လုံးနှင့်ငွေကျပ် ၅သိန်းတို့မှာ ပျောက်ဆုံးနေကြောင်း၊ဦးကံဝင်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးနေသည်ကို တွေ့ရှိရသော်လည်း ၎င်းစီးနင်းသည့် ဆိုင်ကယ်၊ဖုန်းနှင့်ငွေကျပ် ၅သိန်းတို့ ပျောက်ဆုံးနေကြောင်း ၊သေဆုံးသူ ၂ဦးမှာ သာမန်ပြည်သူများဖြစ်ပြီး အကြမ်းဖက် သမားများက ငွေလိုချင်၍ လုယက် သတ်ဖြတ်သွားခြင်း ဖြစ်နိူင်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အလားတူ ယနေ့ နံနက်၇နာရီအချိန်ခန့်တွင် ငါန်းဇွန်မြို့နယ်၊ငါန်းဇွန်-ငါန်းမြာသွား ကားလမ်းပေါ်၊ ကုန်းလည်ကျေးရွာအုပ်စု၊ပေါက်တောကျေးရွာ လမ်းခွဲအနီး၌ အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း သတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား သက်ဆိုင်ရာလုံခြုံရေးအဖွဲ့မှ စုံစမ်းခဲ့ရာ ၁-၁၁-၂၀၂၃ ရက်နေ့ ည၉ နာရီခွဲ အချိန်ခန့်တွင် မလွင်လွင်ဦး၊၃၉နှစ်၊(ဘ) ဦးကျော်ဌေး(ရွာခွဲအုပ်ချုပ်ရေးတာဝန်ခံ)၏ နေအိမ်သို့ အကြမ်းဖက် PDF အဖွဲ့ ၅ဦး၊ဆိုင်ကယ် ၃စီးဖြင့် ရောက်ရှိလာပြီး မလွင်လွင်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ယနေ့ နံနက်၆နာရီအချိန်ခန့်တွင် လိုက်လံရှာဖွေခဲ့ရာ အခင်းဖြစ်နေရာ၌ ဦးခေါင်း သေနတ်ထိမှန် ဒဏ်ရာဖြင့် သေဆုံးနေ​​​ကြောင်း တွေ့ရှိရခြင်းဖြစ်သည်။

သေဆုံးသူ မလွင်လွင်ဦးသည် ရွာခွဲအုပ်ချုပ်ရေးတာဝန်ခံဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များနှင့် လုပ်ငန်းသဘောအရ အဆက်အသွယ်ရှိသည့်အပေါ် အကြမ်းဖက် PDF များက ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခြင်း ဖြစ်နိူင်ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews